◾️ ကမ္ဘာ့နိုင်ငံများရင်ဆိုင်နေရသည့် သဘာဝဘေး၊ ငွေကြေးဖောင်းပွမှု၊ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုများကို တစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုတည်းက မဖြေရှင်းနိုင်၍ အားလုံးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မည့်နည်းလမ်းများလိုအပ်ဟု ထောက်ပြ
◾️ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးပြဿနာ ပိုမိုကြီးမားနေချိန် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များ အသုံးပြုဆောင်ရွက်နေ၍ ပြည်တွင်းဖူလုံမှုသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆက်လက်ကြိုးပမ်းနေ
၇. ၁၁. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံအချင်းချင်း သဘောတူစာချုပ်များအပါအဝင် နိုင်ငံတကာကတိကဝတ်များကို မြန်မာနိုင်ငံက ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ယနေ့တွင် တရုတ်နိုင်ငံ၌ ပြုလုပ်သည့် အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ (GMS) ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit)ကို ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ကျင်းပရာ “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး SAC ဥက္ကဋ္ဌက အဆိုပါ ဆွေးနွေးမှုနှစ်ခုလုံးတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
လျင်မြန်စွာပြောင်းလဲနေသည့် အခြေအနေများကြားမှ လက်ရှိနိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားသော နိုင်ငံတကာကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုသည် အဓိကကျသည့် အခြေခံမူပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံများအတွက် စိန်ခေါ်မှုအဖြစ် ရင်ဆိုင်နေကြရသည့် ရာသီဥတုပြောင်းလဲမှု၊ စားရေရိက္ခာဖူလုံမှု၊ သဘာဝဘေးအန္တရာယ်၊ ငွေကြေးဖောင်းပွမှု၊ ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှု၊ ရွှေ့ပြောင်းလုပ်သားနှင့် စီးပွားရေးမညီမျှမှု စသည့် စိန်ခေါ်မှုများသည် အပြန်အလှန် ဆက်နွယ်နေကြကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ စိန်ခေါ်မှုများကို တစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဖြေရှင်း၍ မရသည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုနှင့် ဘက်စုံချဉ်းကပ်ဆောင်ရွက်မည့် နည်းလမ်းများလိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အရင်းအမြစ်များကို ပေါင်း စည်းအသုံးပြုခြင်း၊ အသိပညာမျှဝေခြင်းနှင့် မူဝါဒများကို လိုအပ်သလို ချိန်ညှိဆောင်ရွက်ခြင်းဖြင့် GMS ဒေသ၏ ခံနိုင် ရည်ရှိမှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရေမြေအနေအထား၊ သဘာဝအခြေခံတူညီနေသည့် GMS နိုင်ငံများအနေဖြင့် ဂေဟစနစ်များ၊ ရေလမ်းကြောင်းနှင့် ရာသီဥတုများကို မျှဝေလေ့ရှိခြင်းကြောင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် GMS အစီအစဉ်၏ 3 C ဟုခေါ်သည့် ချိတ်ဆက်မှု (Connectivity)၊ ယှဉ်ပြိုင်မှု (Competitiveness)နှင့် လူမှုအသိုက်အဝန်း (Community) စသည့် မဏ္ဍိုင် ၃ ရပ်အောက်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဒေသ၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး (Food Security) နှင့် ပတ်သက်ပြီး ပြောကြားရာတွင် ကမ္ဘာ့လူဦးရေသည် ယခု ၈ ဒသမ ၃ ဘီလီယံရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၈ ဒသမ ၆ ဘီလီယံ၊ ၂၀၃၅ ခုနှစ်တွင် ၈ ဒသမ ၉ ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရိက္ခာဖူလုံမှု ပြဿနာသည် ပိုမိုကြီးမားလာဖွယ်ပင်ရှိကြောင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှာသာ ဆောင်ရွက်နေရခြင်း မဟုတ်သည့်အတွက် စားနပ်ရိက္ခာဖူလုံမှုကို စဉ်းစားပါက ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များ အသုံးပြုပြီး ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေရန်အတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများထဲတွင် အဆင့် ၈ ဖြစ်ပြီး ပဲတင်ပို့မှုတွင် အဆင့် (၂) ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း ဆက်လက် ကြိုးပမ်းလျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။