၂. ၁၁. ၂၀၂၄
Written by Nyein
လေးလဆက်တိုက် ကျဆင်းခဲ့သည့် မြန်မာ့ကုန်ထုတ် လုပ်မှုအခြေအနေသည် ငွေကြေးဖောင်းပွမှုဒဏ် သက် သာလာခဲ့၍ ပြီးခဲ့သည့် အောက်တိုဘာလတွင် အနည်း ငယ် ပြန်မြင့်တက်ခဲ့သလို ဝယ်လိုအား မြင့်တက်လာမည်ဆိုပါက လာမည့်လများတွင် ကုန်ထုတ်လုပ်မှုများ ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၄၅ ဒသမ ၅ သာရှိခဲ့ရာမှ အောက်တိုဘာလတွင် ငွေကြေးဖောင်းပွမှုသက်သာလာခဲ့၍ ထုတ်လုပ်ရေးစရိတ် သက်သာလာခဲ့ခြင်းကြောင့် ၄၈ ဒသမ ၄ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ သို့သော် PMI အညွှန်းကိန်း အလယ်အမှတ် ၅၀ အောက်သို့ ပြီးခဲ့သည့် ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလဆက်တိုက် ကျဆင်းနေခြင်းဖြစ်သည်။
“အပြုသဘောဆောင်တဲ့ မှတ်ချက်အနေနဲ့ ကုန်ကျစရိတ်ဖိအားတွေ လျော့နည်းသွားခြင်းက ထုတ်လုပ်သူတွေကို သူတို့ရဲ့ ဈေးနှုန်းသတ်မှတ်ရေး နည်းဗျူဟာတွေ ချိန်ညှိနိုင်စေခဲ့ပြီး တချို့တွေက သုံးစွဲသူကို ဆွဲဆောင်ဖို့အတွက် ပရိုမိုးရှင်းတွေကိုတောင် လုပ်နိုင်စေခဲ့ပါတယ်။ ငွေကြေးဖောင်းပွဲမှုဆိုင်ရာ ဖိအားတွေ လျော့နည်းလာခြင်းက လာမယ့်လတွေမှာ ဝယ်လိုအား ရှိလာစေဖို့အတွက် အလွန်အရေးပါနိုင်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
ဈေးနှုန်းပိုင်းကိုကြည့်လျှင် သင့်လျော်သော ငွေလဲလှယ် နှုန်း၏ တစ်စိတ်တစ်ပိုင်း အထောက်အကူပြုမှုကြောင့် ကုန်ကျစရိတ်ဖိအားများ ပိုမိုသက်သာလာကြောင်း အဖွဲ့ဝင်အချို့က မှတ်ချက်ပြုခဲ့ကြကြောင်း ဖော်ပြထားသည်။
သို့သော်လည်း မသေချာနိုင်သေးသည့် နိုင်ငံရေးအခြေအနေအပေါ် များစွာမူတည်နေပြီး လက်နက်ကိုင်အကြမ်းဖက်မှုများ မကြာခဏရှိနေခြင်းက အခက်အခဲများကို ပိုဖြစ်ခြင်းကြောင့် မြန်မာ့ထုတ်လုပ်မှုကဏ္ဍများအတွက် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။