၂.၁၁.၂၀၂၄
Written By Thandar
လက်ရှိ ပရိသတ် စိတ်ဝင်စားမှုတွေရရှိနေတဲ့ The Mask Singer Myanmar Season 2 မှာ Winner ရတဲ့အထိကို အမူအယာတွေမျိုးစုံနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့လို့ အတိုင်းမသိအရမ်းပျော်ရပါတယ်လို့ အဆိုတော် ရေဗက္ကာဝင်းက ဆိုပါတယ်။
“တကယ်တမ်း ဒီအရာကိုလုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ပေမယ့် နောက်ဆုံး Winner အထိ လုပ်နိုင်ခဲ့လို့ အတိုင်းမသိ အရမ်းပျော်ရွှင်ရပါတယ်။ အဲလို Winner ဖြစ်လိမ့်မယ်လို့လည်း မမျှော်လင့်ထားပါဘူး။ အမအနေနဲ့ အမူအယာ တွေမျိုးစုံနဲ့ ပရိသတ်ကိုဆွဲဆောင်ခဲ့ရတာပါ။ အမပုံမှန်အရ စကားနည်းပြီး အနေအေးတဲ့သူအတွက် ကိုယ်မဟုတ်တဲ့ အရမ်းသွက်တဲ့ ကာရိုက်တာ ယူထားရတယ်။ အမနဲ့ ဆန့်ကျင်ဘက်ကာရိုက်တာလုပ်ခဲ့ရတာမို့ ခုလိုမျိုး အမနဲ့မတူတဲ့ ကာရိုက်တာ Winner ရတာမို့ ကိုယ်တိုင် လည်း Amazing ပါပဲ။ ကိုယ်ယူတဲ့ ဇာတ်ရုပ်ကို စိုးပြည့်ရယ်၊ မိုင်လေးရယ် ပုံစံတူအောင် လုပ်ဖြစ်ခဲ့တယ်။ စိုးပြည့်လို့ ထင်နေပြီဆိုရင် မိုင်လေး ပုံလုပ်တယ်။ နောက် မခင်ဘုဏ်းရဲ့ ကာရိုက်တာအစုံပေါ့။ တစ်လှည့်ဆီ ကာရိုက်တာ ပြောင်းတော့ တွေးရခက်သွားကြတယ်။ အေးအေးဆေးဆေး နေတတ်ပေမယ့် ရိုက်ကူးရေးမှာ အကုန်ပြောင်းလဲခဲ့တယ်။ ကိုယ်ကလည်း ဟာသတွေ သိပ်မပြောတတ်ဘူး။ နောက် ဝတ်စုံရဲ့ အလေးချိန်နဲ့ ဝတ်နေမကျတာရောကြောင့် အတော်လေးကြိုးစားအား ထုတ်ခဲ့ရပါတယ်။ ဘဝရဲ့အမှတ်တရ အနုပညာခရီးလမ်းရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် မှတ်တမ်းတင်ပြီး ရင်ထဲမှာ အမြဲရှိနေမှာပါ”လို့ အဆိုတော် ရေဗက္ကာဝင်းက ပြောပါတယ်။
သူမကတော့ အနုပညာလမ်းကြောင်းပေါ်မှာ သက်တမ်း နှစ် ၂၀ ကြာအောင် ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ ရေဗက္ကာဝင်းကတော့ အရောင်အသွေးစုံတဲ့ လိပ်ပြာဝတ်စုံကို ကြိုက်နှစ်သက်သလို ဒီဇိုင် နာသဲသဲ@သဲစုဝတီ ဖန်တီးပေးထားတယ်လို့ဆိုပါတယ်။
အဆိုပါ The Mask Singer Myanmar အစီအစဉ်တင်ဆက်သူအနေနဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်း၊ ဆယ်လီစုံထောက်တွေအနေနဲ့ ရုပ်ရှင်နဲ့ဂီတနယ်ပယ်က ဝါရင့်သမ္ဘာရင့် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ငှက်ပျော်ကြော်၊ စန္ဒီမြင့်လွင် ၊ မျက်နှာဖုံးရှင်ဆယ်လီတွေအနေနဲ့ နယ်ပယ်စုံက နာမည်ကြီး Celebrity (၁၈) ဦးတို့ကပါဝင်ပြီး အကောင်းဆုံး ဖျော်ဖြေတင်ဆက်ခဲ့တာ လည်း ဖြစ်ပါတယ်။