၃၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက်ကာရဲ့ မာပူခရိုင်အတွင်း ကာချူခတ်နယ်မြေရှိ အထည်ချုပ်စက်ရုံ နှစ်ရုံမှအလုပ်သမားတွေက သူတို့ကို လစာမပေးလို့ ဒီနေ့ အောက်တိုဘာ ၃၁ ရက် မှာ ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်တပ်ကားတစ်စီးနဲ့ ရဲတပ်ဖွဲ့မှ ဗင်ကားတစ်စီးတို့ကိုပါ မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။
ကာချူခတ်နယ်မြေအတွင်းမှာ ကားတွေမီးရှို့ဆန္ဒပြလို့ အခြေအနေမတည်မငြိမ်ဖြစ်ခဲ့ရပြီးတဲ့နောက် မီးငြှိမ်းသတ်ဖို့ မီးသတ်ကားနှစ်စီးလည်း ရောက်ရှိလာခဲ့ပါတယ်။နယ်မြေအတွင်း ယာဉ်အသွားအလာလည်း လုံးဝရပ်ဆိုင်းသွားခဲ့တယ်လို့ သိရပါတယ်။
မီးသတ်တပ်ဖွဲ့ ထိန်းချုပ်ရေးစခန်း မှ လက်ထောက်အရာရှိ လီမာ ခါနွမ်က ကားတွေမီးလောင်မှုကို အတည်ပြုခဲ့ပြီး ဆန္ဒပြသမားတွေက မီးရှို့ခဲ့ကြတာဖြစ်ကာ စစ်တပ်ကားတစ်စီးနဲ့ ရဲကားတစ်စီးမီးလောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
သတင်းတွေအရ Diana Garments အထည်ချုပ်စက်ရုံနဲ့ Dan Tex Fashion Garments အထည်ချုပ်စက်ရုံတို့မှအလုပ်သမားတွေက သူတို့လစာတွေကို အချိန်နှောင်းတဲ့အထိ မပေးသေးတာရယ်၊ အခြား တောင်းဆိုချက်တွေရယ်ပါ စုပေါင်းတောင်းဆိုပြီး နံနက် ၁၀ နာရီလောက်မှာ စတင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲအတွင်း တချို့အလုပ်သမားတွေက ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေ၊ အုတ်ခဲတုံးတွေနဲ့ ပစ်ပေါက်ကြပြီး နောက်ဆုံးမှာ ကားတွေကို မီးရှို့ခဲ့ကြတာပဲလို့လည်း သိရပါတယ်။
ဆန္ဒပြပွဲအတွင်း ဆန္ဒပြ အလုပ်သမားနှစ်ဦးဒဏ်ရာရခဲ့ကြတယ်လို့သိရပါတယ်။ ဒဏ်ရာရသူတစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ်ရှိ အယ်လ်အမင်ရဲ့ဖခင်က သူ့သားဟာ စက်ရုံမှာ မနက်ဖက်အလုပ်ဆင်းနေရတုံး ဆန္ဒပြသံတွေကြားလို့ အပြင်ကိုထွက်ဖို့ ကြိုးစားရာမှာ သေနတ်နဲ့ အပစ်ခံရပြီး ဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒဏ်ရာရသူ အခြားတစ်ဦးဖြစ်တဲ့ာ အသက် ၁၅ နှစ်ရှိ ဂျူမာ အက်တာက ဘယ်လိုဒဏ်ရာရခဲ့လဲဆိုတာတော့ မသိရပါဘူး။
Ref- Dhaka Tribune