၁၈.၁၀. ၂၀၂၄
Written by Shwe Phyo
အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်ရင်းသည် ပြီးခဲ့သောသီတင်းပတ်အတွင်း မြန်မာနိုင်ငံသားနှစ်ဦးအပါအဝင် လူပေါင်း ခုနစ်ဦးကို မူးယစ်ဆေးဝါး တရားမဝင် ပို့ဆောင်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရသူ ခုနစ်ဦးနှင့်အတူ အိန္ဒိယရူပီး ၆၆ ဒသမ ၂၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးအမျိုးမျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသလို အာသံရိုင်ဖယ်တပ်ရင်းက “ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မတူညီတဲ့ နေရာငါးခုကို စီးနင်းရှာဖွေမှုတွေလုပ်ခဲ့တယ်။ စိတ်ကြွဆေးပြား ၂၂ ဒသမ ၂ ဂရမ်၊ ဘိန်းဖြူ ၃၃၁ ဂရမ်၊ ဆေးခြောက် ၇ ဒသမ ၆ ဂရမ် ဖမ်းဆီးရမိခဲ့တယ်။ ဒါ့အပြင် အိန္ဒိယရူပီး ၉ သန်းကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်” ဟု ပြောသည်။
ဖမ်းဆီးရမိသူခုနစ်ဦးထဲတွင် အိန္ဒိယနိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးတို့ ပါဝင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများသည် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုဖြင့် ဆက်နွှယ်နေကြောင်း အာသံရိုင်ဖယ်တပ်ရင်းက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ စိတ်ကြွ ဆေးပြားများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုများ အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
အာသံရိုင်ဖယ်တပ်ရင်းသည် ဖမ်းဆီးရမိသူများကို ရဲတပ်ဖွဲ့ ထံ အပ်နှံခဲ့ပြီး ရဲတပ်ဖွဲ့က လိုအပ်သော စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်မည်ဖြစ်ကာ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
REf, hubnetwork