၁၈.၁၀. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် Asia Power အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အဆင့်၂၃ နေရာ ရပ်တည်နေကြောင်း အမေရိကန်အခြေစိုက် Lowy Institute ၏ ထုတ်ပြန်ချက်များအရ သိရသည်။
Asia Power အညွှန်းကိန်းသည် အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုအခြေအနေကို အမှတ်ပေးကာ အဆင့်သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ပြီးခဲ့သောနှစ်နှင့် နှိုင်းယှဉ်လျှင် ရမှတ်နှင့် အဆင့်သတ်မှတ်ချက် လျော့နည်းခဲ့ကြောင်း သိရသည်။
Lowy Institute သည် Asia Power အညွှန်းကိန်းအဆင့်သတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ်တည်းက စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၊ ပိုင်နက်ဒေသ ၂၆ ခုကို လေ့လာသုံးသပ်ကာ အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ အမှတ်ပေးအဆင့်သတ်မှတ်ရာတွင် စီးပွားရေးစွမ်းဆောင်နိုင်စွမ်း၊ စစ်ရေးစွမ်းဆောင်နိုင်စွမ်း၊ သြဇာလွှမ်းမိုးမှု၊ ကာကွယ်ရေးကွန်ရက်၊ သံတမန်ရေးလွှမ်းမိုးမှု၊ ယဉ်ကျေးမှုလွှမ်းမိုးမှု၊ စီးပွားရေးဆက်ဆံရေး၊ အနာဂတ် သဘာဝအရင်းအမြစ် စသည့် အချက် ၉ ခုကို အခြေခံခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွက် Asia Power အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ရမှတ်ပေါင်း ၁၀၀ ၌ ၆ ဒသမ ၇ မှတ်သာ ရရှိခဲ့ပြီး အဆင့် ၂၃ နေရာ ရပ်တည်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်အတွက် Asia Power အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့က ထိပ်ဆုံးတွင် ရပ်တည်နေသည်။
ထို့အတူ မြန်မာနိုင်ငံ၏အဆင့်သတ်မှတ်ချက်အောက်တွင် နီပေါ၊ အရှေ့တီမော၊ မွန်ဂိုလီးယား၊ ပါပူအာနယူးဂီနီတို့ ရပ်တည်နေကြောင်း သိရသည်။ ယင်းသတ်မှတ်ချက်အရ မြန်မာနိုင်ငံ၏ အဆင့်သတ်မှတ်ချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် အောက်ဆုံးနား ရှိနေသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၇ ဒသမ ၅ မှတ်ဖြင့် အဆင့် ၂၂ နေရာတွင် ရပ်တည်နေခဲ့ပြီး ၂၀၂၂ခုနှစ်က ရမှတ် ၇ ဒသမ ၄ မှတ်ဖြင့် အဆင့် ၂၁ နေရာတွင် ရပ်တည်နေခဲ့ကာ တဖြည်းဖြည်း အဆင့်ကျဆင်းလာခဲ့ကြောင်း သိရသည်။
REf, Lowy Institute