၁၇.၁၀.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စက်ပေတုံတန် ရှင်နာဝပ်ထရာက ထိုင်းနိုင်ငံမှာ 6G နည်းပညာတိုးတက်ပံ့ပိုး ပေးနိုင်ဖို့အတွက် ဂြိုဟ်တုပစ်လွှတ်ရေးစခန်းတစ်ခု အစပျိုးတည်ဆောက်နိုင်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့က ၂၀၂၅ ခုနှစ်မှာ သံတမန်ဆက်သွယ်မှု အနှစ် ၅၀ ပြည့်အခမ်းအနားကျင်းပဖို့လည်းကြိုတင်ပြင်ဆင်နေကြသလို နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာဖို့လည်း ဆွေးနွေးနေကြပါတယ်။ ဒီအတောအတွင်း တရုတ်နိုင်ငံက အရွယ်ရောက် ပန်ဒါတစ်စုံကို ချစ်ကြည်ရေး အထိမ်းအမှတ်ပေးပို့မှာဖြစ်သလို သံတမန်တွေက အမှတ်တရ အခမ်းအနားကျင်းပကြမယ် ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Han Zhiqiang က အောက်တိုဘာလ ၁၁ ရက်မှာ ထိုင်းဝန်ကြီးချုပ် ပေတုံတန်ကို အစိုးရရုံးမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့ တရုတ်နိုင်ငံသံရုံးရဲ့ကိုယ်စား တရုတ်သံအမတ်နဲ့ ထိုင်း-တရုတ် ကုန်သည်ကြီးများအသင်းတို့က ထိုင်းနိုင်ငံအတွင်း ရေဘေးဒုက္ခသည်တွေအတွက် ဘတ်ငွေ ၇ ဒသမ ၂ သန်းကို လှူဒါန်းခဲ့ပါတယ်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Haungsab က ဆွေးနွေးပွဲမှာ အဓိကဆွေးနွေးချက်တွေကို ပြောကြားခဲ့ရာမှာ မစ္စက်ပေတုံတန်က တရုတ်သံအမတ်ကို ထိုင်းနိုင်ငံက ဝမ်းသာကြည်နူးစွာ ကြိုဆိုပါတယ်လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။ ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်ကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရဲ့ ရွှေခေတ်အဖြစ်လည်း တင်စားပြောကြားခဲ့ပါတယ်။
ဒါ့ပြင်မစ္စက်ပေတုံတန်က ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် အပြန်အလှန်ဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေးကဏ္ဍမှာ ပေါ်ထွန်းလာမယ့်စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုဖို့ဖြစ်သလို နှစ်နိုင်ငံယဉ်ကျေးမှု အပြန်အလှန် လဲလှယ်ဖို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသံအမတ် Han Zhiqiang ကလည်း မစ္စက်ပေတုံတန်အား ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံရတဲ့အတွက် ချီးကျူးဂုဏ်ပြုစကားပြောခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာဖို့ ကတိပြုတယ်လို့လည်း ဆိုခဲ့ပါတယ်။ သူက လာအိုနိုင်ငံမှာ မကြာမီက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ထိုင်းဝန်ကြီးချုပ် ပေတုံတန်နဲ့ တရုတ်ဝန်ကြီးချုပ် လီကျင့်တို့ရဲ့ အောင်မြင်သော ညှိနှိုင်းဆွေးနွေးမှုတွေကို အလေးထားပြောခဲ့ပါတယ်။
နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်မှုတွေ၊ ကုန်သွယ်ရေးဆက်သွယ်မှုတိုးမြှင့်ဖို့တွေ သဘောတူခဲ့ကြတဲ့အပြင် ဒီဇင်ဘာလ ၄ ရက် ကစပြီး တရုတ်နိုင်ငံမှ မြတ်စွယ်တော်ကို ထိုင်းနိုင်ငံမှာ ၇၃ ရက်ကြာ ပူဇော်ခံမယ်လို့ Jirayu Haungsab က ပြောခဲ့ပါတယ်။
မစ္စက်ပေတုံတန်က တရုတ်ကုမ္ပဏီတွေကို ထိုင်းနိုင်ငံအတွင်းမှာ အချက်အလက်ဗဟိုစခန်းတွေ၊ လျှပ်စစ်ကားထုတ်လုပ်ရေးစခန်းတွေနဲ့ 6G လုပ်ငန်းတွေကိုပံ့ပိုးဖို့ နိမ့်သော ကမ္ဘာပတ်လမ်းကြောင်းတွေမှာ ပျံသန်းနေတဲ့ ဂြိုဟ်တုတွေအတွက် ဂြိုဟ်တုပစ်လွှတ်ရေး ဒုံးပျံစခန်းငယ်တစ်ခု ထိုင်းနိုင်ငံအတွင်း တည်ဆောက်ရေးအတွက်ပါ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တရုတ်သံအမတ်ကလည်း ထိုင်းဝန်ကြီးချုပ်အား တရုတ်နိုင်ငံသို့ တရားဝင်လာရောက်ရန် တရုတ်အစိုးရက စီစဉ်ပေးရေးဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။
Ref-Bangkok Post