◾ CDF – ပလက်ဝကို ထောက်ပံ့သည်ဆိုကာ ဒေသခံ ၅ ဦးကို AA က ထပ်မံဖမ်းဆီး
◾ စက်တင်ဘာလကုန်ပိုင်းကအဖမ်းခံရသော ဒေါက်တာအေးကျော်အားပြန်လွှတ်၍ နေအိမ်၌ အကျယ်ချုပ်ထားစောင့်ကြည့်နေဟုလည်း သတင်းထွက်
၁၇.၁၀.၂၀၂၄
Written By Zun
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် CDF – ပလက်ဝကို ထောက်ပံ့သည်ဆိုကာ ဒေသခံ ၅ ဦးကို AA က ထပ်မံဖမ်းဆီးကြောင်း ဒေသခံများထံမှသိရသည်။
အဖမ်းခံရသူများမှာ အသက် ၃၀ မှ အသက် ၄၀ ကြားအရွယ် ဦးအေးလွင်၊ ဦးကြာလုံး ၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်နှင့် ဦးမနော့တို့ဖြစ်ပြီး ဆမီးမြို့၊ ဝတ်မကျေးရွာဒေသခံ မြိုအမျိုးသားများဖြစ်ကြောင်း သိရသည်။
“အောက်တိုဘာ ၁၄ ရက်နေ့မှာ (AA)က ဝက်မရွာထဲကိုဝင်လာပြီးတော့ အိမ်တွေကိုဝင်ဖမ်းတာဆိုတော့ တော်တော်တရားလွန်တာပေါ့။ CDF ကို ထောက်ပံ့သူတွေလို့ ပြောပြီးတော့ အပြစ်ကျူးလွန်ထားတာကြောင့် ဖမ်းတယ်လို့ ပြောသွားတာလို့ သိရတယ်။ AA က ချင်းတိုင်းရင်းသားတွေကို ဖမ်းတာ။ ဘယ်သူ့ကိုမှ မထောက်ထား မငဲ့ညှာဘူးလို့ မြင်မိပါတယ်”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ယခုအခါ အဆိုပါ ၅ ဦးကို ဆမီးမြို့တွင်ရှိသော AA စခန်းချရာနေရာသို့ စက်တပ်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ ယင်းနေရာတွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က (AA) ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော သွားဆရာဝန် ဒေါက်တာအေးကျော်အား AA က ခံဝန်ဖြင့် ပြန်လွှတ်၍ နေအိမ်၌ အကျယ်ချုပ်ချထားကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များကို ကိုးကား၍ ချင်းဒေသတွင်းမီဒီယာများက ဖော်ပြထားကြသည်။
“ပလက်ဝမှာ လူမျိုးစုံ နေတယ်။ ရခိုင်၊ ခူမီး၊ ဒိုင်းနက်၊ သက်၊မြို အကုန်ရှိတယ်။ အဲဒီလူတွေ ပလက်ဝမှာရှိသလို ရခိုင်မှာလည်းရှိတယ်။ ဒီလိုအခြေအနေမှာ AA က ဖမ်းလိုက်ဆီးလိုက်လုပ်နေတာ အခြေအနေတွေ ဆိုးလာနိုင်တဲ့ လက္ခဏာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်ကို AA သိမ်းပိုက်ပြီးချိန်မှစ၍ လက်ရှိအချိန်ထိ CDF ပလက်ဝထောက်ပံ့သည်ဟု စွပ်စွဲမှုဖြင့် အဖမ်းခံထားရသောဒေသခံ ၄၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ကိုယ်အမျိုးကိုကာကွယ်တဲ့အဖွဲ့ကို အားပေးထောက်ပံ့တာ အပြစ်ရှိသလား။ ခင်ဗျားတို့ရခိုင်လူမျိုးတွေလည်း AA ကို အားပေးထောက်ပံ့တာမဟုတ်လား။ ကြီးမားတဲ့ပြဿနာ မဖြစ်ချင်ဘူး။ ဖမ်းဆီးထားတဲ့ ပလက်ဝပြည်သူတွေကို အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်”ဟု ပလက်၀ ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ပလက်ဝဒေသတွင်း ဝင်ရောက်အခြေချနေထိုင်သော AA အနေဖြင့် ချင်းတိုင်းရင်းသားအပေါ် အမျိုးမျိုးအနိုင်ကျင့်စော်ကားမှုများ ပြုလုပ်နေသောကြောင့် ယင်းနေရာမှ အမြန်ဆုံးထွက်ခွာပေးရန် ချင်းတိုင်းရင်းသားများက ဆန္ဒပြတောင်းဆိုမှူများလည်းရှိနေသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့တွင် ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ ချင်းပြည်နယ်အတွင်းမှ AA လက်နက်ကိုင်အဖွဲ့များ ထွက်ခွာသွားရန် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်က တောင်းဆိုဆန္ဒပြမှုတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း MT News တွင် ဖော်ပြခဲ့သေးသည်။
ပလက်ဝမြို့နယ်၏ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းများအရ ပလက်ဝတွင် ချင်းလူမျိုး ၈၈၀၀၀ ကျော်၊ ရခိုင်လူမျိုး ၁၈၀၀၀ ကျော်နေထိုင်ကြကြောင်း သိရသည်။
ပုံစာ။ ရခိုင်လက်နက်ကိုင် AA ဖမ်းဆီးထားသော ဒေါက်တာအေးကျော်။