၁၇.၁၀.၂၀၂၄
Photo by Nyein Kyaw
ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဒီနေ့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဘုရားဖူးသူတွေနဲ့ စည်ကားလျက်ရှိပါတယ်။
ဒီနေ့မှာဆိုရင် မနက် ၆ နာရီ မထိုးခင်ကတည်းက ဘုရားသို့ လာရောက်ဖူးမြော်သူ များပြားခဲ့တာဖြစ်ပြီး ဥပုသ်သီလပေးတရား နာကြားလိုသူတွေအတွက် နေရာများစီစဉ်ပေးထားတာမို့ ဘရားဖူးရင်း ဥပုသ်သီလတရားကို တစ်ခါတည်း ဆောက်တည်နိုင်တာဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ ပြည့်ပြည့်ဝဝရစေလိုတဲ့ဆန္ဒနဲ့ ရွှေသင်္ဃန်းကပ်လှူခြင်း၊ မိမိတတ်နိုင်သလောက် အလှူငွေထည့်ဝင်တာတွေအပြင် ရွှေတိဂုံစေတီတော်ရဲ့ သားဆုပန်ဗြဟ္မာကြီးထံ လာရောက်ဆုတောင်းကြသူတွေကိုလည်း တွေ့ရပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ မိုးရွာခဲ့ပေမဲ့ ဘုရားပေါ်မှာ ဘုရားဖူးတွေ ကျဲသွားတာမျိုးမရှိဘဲ ဆက်လက် စည်ကားခဲ့တာဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဟာ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာတဲ့နေ့ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်သောနေ့ဖြစ်ပါတယ်။ မြတ်စွာဘုရားဆင်းသက်ကြွမြန်းလာတာကို ရည်စူးပြီး ဘုရားရှင်ကိုပူဇော်တဲ့အနေနဲ့ ဆီမီးထွန်းပူဇော်မှုတွေပြုလုပ်ကြပါတယ်။
မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကိုအကြောင်းပြုပြီး ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိတဲ့ အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့မှာ တာဝတိံသာမှာ ပဝါရဏာပြုပြီး လူ့ပြည်သို့ သက်ဆင်းတော်မူတာကိုအကြောင်းပြုပြီး အဘိဓမ္မာနေ့လို့ ခေါ်ဆိုသမုတ်ကာ အဘိဓမ္မာပူဇော်ပွဲကျင်းပလေ့ရှိသလို သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားဆုပန်နေ့လို့လည်းဖြစ်ပါတယ်။