၁၇.၁၀.၂၀၂၄
Written by Nyein Kyaw
ရခိုင်ပြည်နယ်၊ အမ်း-ပဒါန်း ဆက်သွယ်ရာ လမ်းကြောင်းပေါ်တွင် အရပ်သားစီးနင်းလာသည့်မော်တော်ယာဉ်များကို AA အကြမ်းဖက်အဖွဲ့က ပစ်ခတ်တိုက်ခိုက်၍ အရပ်သားပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့သလိုပယ ၃၈ ဦးကိုပါ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် (ယမန်နေ့) နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် အမ်းမြို့နယ်မှ ပဒါန်းမြို့နယ်သို့ မောင်းနှင်လာပြီး ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် Canter အမျိုးအစား မော်တော်ယာဉ်အား အမ်းမြို့နယ်မှ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ နေရာ၌ AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်ဟန့်တားခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၄ ဦး တို့တွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် AA အကြမ်းဖက်သောင်းကျန်းသူများသည် ဖြစ်စဉ်နေရာမှ မီတာ ၂၀၀ ခန့်အကွာနေရာ၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် ၁၀ စီးအား ရပ်တန့်စေခဲ့ကာ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၄ ဦးတို့အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းဘူးမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ဖြစ်စဉ်နေရာအနီးတဝိုက်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။