ဖြိုးဝေ
၁၆. ၁၀. ၂၀၂၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်နေတဲ့ အာဆီယံ – အမေရိကန်အစည်းအဝေးကို SAC အစိုးရအဖွဲ့ကိုယ်စားလှယ်ပါ စားပွဲဝိုင်းတစ်ခုတည်း တက်ရောက်နေတာမြင်ခဲ့ရတဲ့ အာဆီယံထိပ်သီးအစည်းအဝေးရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားသလို အာဆီယံပဋိညာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာကို တွေ့ရပါတယ်။
ဒါ့အပြင်လည်း မြန်မာနိုင်ငံက စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်လှစ်ထားတဲ့အတွက် ကြားဝင်စေ့စပ်ဆွေးနွေးပေးတဲ့ နိုင်ငံအဖြစ် ပါဝင်ဖို့ လိုလားဆန္ဒရှိနေတယ်လို့ မလေးရှားအစိုးရ ပြောလာတာ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေရဲ့ ထောက်ခံမှုနဲ့အတူ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း လက်ခံကျင်းပမယ်လို့ ထိုင်းအစိုးရပြောလာတာ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးသင့်ပြီး အထီးကျန်နိုင်ငံဖြစ်အောင် မလုပ်ဆောင်သင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ်က အာဆီယံမှာ မိန့်ခွန်းပြောလာတာနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့အတွက် တွန်းအားပေး ကူညီပေးဖို့ အာဆီယံမိတ်ဖက်အဖွဲ့တွေကို စင်ကာပူဝန်ကြီးချုပ် တောင်းဆိုလိုက်တာတွေလည်း မြင်တွေ့ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း အကြမ်းဖက်အဖွဲ့ဖြစ်လာပြီး တရုတ်နဲ့နီးစပ်တဲ့ MNDAA က အမေရိကန်၊ အာဆီယံနဲ့ အနောက်နိုင်ငံတွေကို ခရီးမထွက်ဖို သူ့တပ်ဖွဲဝင်တွေသူ တားမြစ်လိုက်တဲ့အပြင် မြန်မာ့နိုင်ငံရေးကို ပြည်ပတပ်ဖွဲ့တစ်ခုက ဝင်စွက်ဖက်နိုင်ချေရှိတာကြောင့် ပြင်းထန်ပြီး ကြီးမားတဲ့အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ပါ ထုတ်ပြောလာတာ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပေးမယ်ဆို လုံခြုံရေးကျိုးပေါက်မှုတွေ လျော့နည်းသွားမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာနဲ့ တစ်ချိန်က AA ရဲ့ မဟာမိတ်ဖြစ်တဲ့ ARSA က AA ထိန်းချုပ်သွားတဲ့ ဘင်္ဂါလီနယ်မြေတွေမှာ ပြန်လည် တွန်းလှန်တိုက်ခိုက်မှုစတင်နေလို့ ရခိုင်ရွာသူရွာသားတွေကို ARSA က သတ်ဖြတ်မှုတွေ ဖြစ်လာသလို လူပျောက်ရှာတဲ့ AA လက်နက်ကိုင် ၃ ယောက်ကို ARSA ခြုံခိုတိုက်ခိုက်လို့ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရတဲ့ အပြင် ဆိုင်ကယ်ဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေအပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့်အခမ်းအနားတက်ရောက်ဖို့ အကွဲအပြဲဖြစ်နေတဲ့ PNLO ကို ဖိတ်ကြားပြီးမှ ပြန်ရုပ်သိမ်းခံရတဲ့ဖြစ်စဉ်တွေအပြင် သန်းခေါင်စာရင်းကောက်ယူမှုကို အခု အောက်တိုဘာလကုန်အထိ ရက်တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး လက်ရှိအချိန်အထိ ၉၀ ရာခိုင်နှုန်းခန့် ကောက်ယူပြီးစီးနေတယ်ဆိုတဲ့ ဖြစ်စဉ်တွေလည်း ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ လူ ၆ ယောက်ကို တရားလက်လွတ်သတ်တဲ့ KTLA လက်နက်ကိုင်တွေအကြောင်း၊ အရင်နှစ်တွေထက် သုံးဆပိုတဲ့ ကျန်းမာရေးဝန်ထမ်းတိုက်ခိုက်ခံရမှုအကြောင်းနဲ့ လိုက်လျောပေးမှာမဟုတ်တဲ့ လက်နက်ကိုင်တောင်းဆိုမှုတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
◾ လူ ၆ ယောက်ကို တရားလက်လွတ်သတ်တဲ့ KTLA
PDF တွေနဲ့ တော်လှန်ရေးအမည်ခံလက်နက်ကိုင်တွေ ကြီးစိုးထားတဲ့ နယ်မြေတွေမှာ ကျောင်းသားတွေ သတ်ဖြတ်ခံရတာ၊ ပြည်သူတွေ မုဒိမ်းကျင့်ခံရတာ၊ ဒေသန္တရလက်နက်ကိုင်တွေကို NUG ရဲ့ ပသုံးလုံးအဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်ကြားလာနေရတဲ့အပြင်ကို ကလေးသူငယ်တွေကို မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေကလည်း ပိုများလာတယ်လို့ တရားမျှတမှုကို နှစ်လိုတဲ့ PDF တချို့က သူတို့ ထိန်းချုပ်ရာနယ်မြေတွေရဲ့ အခြေအနေဆိုးကို ပြည်သူတွေသိအောင် ထုတ်ပြောလာချိန်မှာပဲ KTLA ရဲ့ လူ ၆ ဦးသတ်ဖြတ်မှုကလည်း ပေါ်ထွက်လာပါတယ်။
ကော်သူးလေ တပ်မတော် KTLA ဟာ လမ်းလုပ်သား ၂၅ ဦးကို တရားလက်လွတ်သတ်လို့ KNU က ကန်ထုတ်ခံရတဲ့ နယ်ဒါးမြ တည်ထောင်ထားတဲ့အဖွဲ့ဖြစ်သလို လုယက်သတ်ဖြတ်မုဒိမ်းမှုတွေလည်း မကြာခဏကျုးလွန်နေတဲ့ လက်ယဉ်နေတဲ့ တော်လှန်ရေးအမည်ခံတပ်ပါ။ ဒီ KTLA တပ်က ဆာကဆောတပ်မဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာကနေ အလုပ်သွားဖို့ ထွက်လာတဲ့ ရွှေ့ပြောင်း ရွှေအလုပ်သမား သုံးဦးဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈ နှစ်အရွယ် ကိုလှမြင့်နဲ့ အသက် ၂၂ နှစ်အရွယ် ကိုကျော်ဇောလင်းတို့ ဖြစ်ကြပြီး ဒလန်သူလျှို သတင်းပေးခေါင်းစဉ်အောင်မှာ ရက်ရက်စက်စက်သတ်လိုက်ကြတာပါ။ ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်ကနေ ထားဝယ်အရှေ့တောဒေသဆီကို ခဲနဲ့ သံထည်ပစ္စည်းတွေ လာဝယ်တဲ့ ဦးဆန်နီ၊ ဦးသန်းကြွယ်နဲ့ ဦးမြင့်လွင်တို့ သုံးဦးကိုလည်း ဆာကဆောတပ်မကပဲ သတ်လိုက်ပြန်ပါသေးတယ်။ ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ထားဝယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) ကလည်း ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သက်သေတွေရထားကြောင်း KTLA အနေနဲ့ ပြစ်မှုကျုးလွန်သူတွေကို ဖော်ထုတ်အရေးယူစေလိုကြောင်း တိုက်တွန်းခဲ့တာလည်း မြင်ရပါတယ်။
NLD လက်နက်မကိုင်ခင် ၂၀၂၀ ပြည့်နှစ်အထိ ငြိမ်းချမ်းစွာနေထိုင်ခွင့်ရရှိခဲ့တဲ့ ပြည်သူတွေဟာ တော်လှန်ရေးအမည်ခံ လက်နက်ကိုင်တွေကို အားကိုးမိချိန်ကြမှာ အရင်တုန်းက မကြုံခဲ့ရတဲ့ တရားလက်လွတ် သတ်ဖြတ်လုယက်မုဒိမ်းကျင့်ခံရမှုတွေ ကြုံနေရပြီး ဒီလိုကြုံနေရတာတောင် တော်လှန်ရေးအရေခြုံထားတဲ့၊ သူတို့အားကိုးလိုလို့ ငွေကြေးထောက်ပံ့မြှောက်ပင့်ပေးထားတဲ့သူတွေကပဲ တော်လှန်ရေးခေါင်းစဥ်အောက်မှာ လက်နက်အားကိုးနဲ့ ပြန်နှိပ်စက်တာကို ကြိတ်ခံနေရတာကို မြင်ရတာဟာ ယူတတ်ရင် သံဝေဂရစရာဖြစ်သလို နောက်ဘုန်းကြီးနှစ်ချက်ခေါက်နေတာတောင် အသံထွက်ရင် လေးချက်ခေါက်မှာစိုးလို့ မတရားတာတောင် မအော်ရဲဘဲ အံကြိတ်ခံနေကြရတာကလည်း သနားစရာပါပဲ။
◾ အရင်နှစ်ထက် သုံးဆပိုတဲ့ ကျန်းမာရေးဝန်ထမ်းတိုက်ခိုက်ခံရမှု
မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍတိုက်ခိုက်ခံရမှု အကြိမ် ၂၈၀ သာရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်ထဲမှာတော့ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍတိုက်ခိုက်ခံရမှုဖြစ်စဉ် အနည်းဆုံး ၄၁၈ ခုဖြစ်ပွားခဲ့ပြီး အရင်နှစ်ထက် ပိုမိုမြင့်တက်လာနေတယ်လို့ ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့ (SHCC)က ထုတ်ပြန်လာပါတယ်။
နွေဦးတော်လှန်ရေးလို့ ၂၀၂၁ ဖြစ်စဥ်ကို အမည်တပ်ချိန်မှာ နိုင်ငံ့ဝန်ထမ်းတွေကို လက်ရှိအချိန်လို ဘဝပျက်အောင် CDM လှုံ့ဆော်မှုစခဲ့တာကလည်း ဆရာဝန်တွေ ဦးဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတချို့ပဲဖြစ်ပြီး သူတို့လှုံ့ဆော်မှုနောက် လိုက်မိသူတွေဟာ ဘဝပျက်ကုန်ကြသလို သူတို့လှုံ့ဆော်မှုနောက်မလိုက်မိသူတွေကိုလည်း “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်နဲ့ သတ်ဖြတ်ကြတာဖြစ်ပြီး ဒီလိုသတ်ဖြတ်မှုကြောင့်လည်း ၂၀၂၃ တစ်နှစ်တည်းကတင် ကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ကျန်းမာရေးဌာနတွေကို လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တပ်စွဲမှု ၅၃ ကြိမ်၊ ကျန်းမာရေးဝန်ထမ်းဖမ်းဆီးခံရသူ ၁၀၂ ဦး ရှိအပြင် ကျန်းမာရေးဌာန ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စဥ်ကလည်း အနည်းဆုံး ၁၃၃ ခုဖြစ်ပွားခဲ့တယ်လို့ SHCC ကပြောပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ပြည်သူကို ကျန်းမာရေးဝန်ဆောင်မှုပေးရာမှာ ပုန်းလျှိုးကွယ် လျှိုးလုပ်ဆောင်ခဲ့ရလို့ ဝန်ဆောင်မှုနဲ့ဆေးဝါးဖြည့်တင်းရေးကိစ္စတွေ အကန့်အသတ်များစွာရှိခဲ့တဲ့အပြင် ကျန်းမာရေးဝန်ဆောင်မှုပေးတာကို ပိတ်ဆို့တားဆီးတဲ့ဖြစ်စဉ်ကလည်း ၂၀၂၃ ခုနှစ်မှာ သုံးပုံတစ်ပုံတိုးလာခဲ့တာ၊ အဲဒီလိုပိတ်ဆို့ခံရတာကလည်း လက်နက်ကိုင်အဖွဲ့တွေ အားကောင်းရာဒေသတွေမှာဖြစ်နေတာလို့လည်း SHCC အဖွဲ့ကပြောပါသေးတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်ကလည်း ၂၀၂၃ ခုနှစ်မှာ ၄ ဆအထိမြင့်တက်လာခဲ့သလို ကျန်းမာရေးဝန်ထမ်းတွေကို လက်နက်ကိုင်အဖွဲ့ဝင်တွေက CDM ပါဝင်ဖို့ သတိပေးတဲ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအမည်ခံလက်နက်ကိုင်တွေက ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်တာ၊ အရှက်ခွဲတာ၊ သတ်ဖြတ်တာတွေလည်း ခံခဲ့ကြရလို့ အစိုးရယန္တရားက ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေက စိတ်ဖိစီးမှု ကြီးကြီးမားမားခံနေရပြန်ပါသေးတယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အလွန်အားနည်းညံ့ဖျင်းသလို NLD အစိုးရဟောင်းလက်ထက်အထိ လူ ၁၀၀၀ မှ ဆရာဝန်တစ်ယောက်ပဲရှိခဲ့တာပါ။ ဒါကိုပဲ အစိုးရတစ်ရပ်မကျေနပ်ချက်နဲ့ CDM ခေါင်းစဥ်အောက်မှာ ကျန်းမာရေးစနစ်ကို ပြိုလဲအောင်ထိုးနှက်ကြတာကြောင့် အခုဆိုရင် မသေသင့်ဘဲသေကုန်ကြရတဲ့ပြည်သူတွေ အများကြီးဖြစ်နေသလို နယ်မြို့တွေက ဆေးရုံတွေလည်း ပုံမှန်မလည်ပတ်နိုင်ဘဲ အခက်ကြုံနေရဆဲဖြစ်ပါတယ်။ နဂိုကတည်းက အစိုးရအဆက် ဆက် ညံ့ဖျင်းခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုပဲ PDF နဲ့ လက်နက်ကိုင်တွေက CDM နဲ့ တော်လှန်ရေးခေါင်းစဥ်အောက်မှာ ထပ်ပြီးဒုက္ခပေးနေကြတာဟာလည်း ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက အသက်အတိုဆုံးနိုင်ငံတစ်ခုဖြစ်ရခြင်းရဲ့ အရင်းခံအချက်တစ်ခုဖြစ်လာစေခဲ့သလို ပြည်သူတွေ မသေသင့်ဘဲ သေဆုံးရမှုကလည်း တော်လှန်ရေးသမားတွေနဲ့ CDM အတ္တတွေကြောင့်ပါပဲ။
◾ လိုက်လျောပေးမှာ မဟုတ်တဲ့ လက်နက်ကိုင်တောင်းဆိုမှု
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်မှာ အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ PDF တွေကအစ လက်နက်စွန့်ပြီး နိုင်ငံရေးပါတီလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာကြဖို့ SAC က ဖိတ်ခေါ်ခဲ့သလို အောက်တိုဘာ ၁၅ ရက်က NCA ၉ နှစ်ပြည့်နှစ်ပတ်လည်ပွဲမှာ SAC ဥက္ကဋ္ဌက လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျောမှာမဟုတ်ဘူးလို့ထည့်သွင်းပြောခဲ့ပါတယ်။
SAC ဥက္ကဋ္ဌ ဆိုလိုတာက အကြမ်းဖက်အဖြစ်သတ်မှတ်ခံထားရတဲ့ PDF တွေ လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ နိုင်ငံရေးလမ်းကြောင်းကိုလာပါလို့ ပထမကြေညာချက်ကိုပဲ တကယ်လက်နက်စွန့်ပြီးမှ ပါတီနိုင်ငံရေးကို လာပါလို့ ထပ်မံ အတည်ပြုတာပါ။ ဒါပေမဲ့ လက်နက်လည်းဆက်ကိုင်ထားချင်သလို ပါတီ နိုင်ငံရေးလမ်းကြောင်းပေါ် တက်ဖို့ကိုလည်း မတင်မကျဖြစ်နေတဲ့ NUG ၊ PDF နဲ့ သူတို့ထောက်ခံတဲ့ မီဒီယာတွေမှာတော့ SAC အစိုးရရဲ့ “လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေ လိုက်လျောမှာမဟုတ်ဘူး”ဆိုတဲ့ စကားတစ်လုံးကို ပြည်သူတွေနားလည်မှုလွဲသွားအောင် “SAC အစိုးရက PDF တွေကို ဟန်ပြဖိတ်တာ၊ တကယ်ဆွေးနွေးချင်တာမဟုတ်လို့ ဟန်ပြဖိတ်ခေါ်တာပါ”လို့ တစ်ပြန်စီး စွပ်စွဲနေကြတာ တွေ့ရပြန်ပါတယ်။
လက်ရှိနိုင်ငံ့အခြေအနေ ဖြစ်ပျက်သမျှအကုန်လုံးကိုဆိုရင်လည်း SAC အစိုးရကြောင့်လို့ အပြစ်မှန်သမျှပုံချထားတာ အမြဲတစေ တွေ့နေရပြန်ပါတယ်။ ဒီလို နိုင်ငံနဲ့ပြည်သူ ပြိုပျက်နေရမှုအစ NLD အစိုးရဟောင်းရဲ့ မဲမသမာမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်ပြီး လွှတ်တော်မခေါ်ဘဲ ဖျက်သိမ်းမှုတွေ အကုန်လုံးကို မဖော်ပြတော့တာ၊ NUG၊ PDF နဲ့ EAOs တွေက နိုင်ငံနဲ့ ပြည်သူပိုင်အဆောက်အအုံ ၁၀၀၀၀ ကျော်ဖျက်ဆီးထားတာ၊ လျှပ်စစ်မီးတပ်ဆင်အင်အား ၂၀၀၀ မဂ္ဂါဝပ်နီးပါး ထိန်းချုပ်ဖျက်ဆီးထားပြီး မီးမမှန်အောင်လုပ်တာ၊ ပြည်သူကို တိုက်ရိုက်ထိခိုက်တဲ့ ပိတ်ဆို့မှုတွေတောင်းဆိုတာ စတဲ့ အလုံးစုံပျက်သုဥ်းရေးပဲလုပ်မယ်လို့ သူတို့ကိုယ်တိုင်ကြွေးကြော်ထားတဲ့၊ သူတို့ကိုယ်တိုင် ဖျက်ဆီးထားတာတွေပါ အမေ့ခံလိုက်ကြပြီး ပြည်သူဇဝေဇဝါဖြစ်အောင် ဝါဒဖြန့်ရာမှာတော့ ပြိုပျက်သမျှအကုန်က SAC အစိုးရကြောင့်လို့ပဲ အပြစ်ပုံချလိုက်တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံ မတိုးတက်ရခြင်းတွေထဲမှာ သမိုင်းအမှန်တွေကို နှောင်းလူတွေ သိခွင့်မရတာလည်းပါပါတယ်။ သမိုင်းအမှန်တွေ အမြဲဖျောက်တတ်တဲ့ မြန်မာလူမျိုးတွေမှာ ဆင်ခြင်သုံးသပ်စရာ အတိတ်ဖြစ်ရပ်မှန်မကျန်တော့ ကိစ္စတစ်ခုခုဆို သွေးထိုးတာကို တန်းပြီးယုံတာ၊ ယောယိမ်းလိုက် ဘသားယိမ်းလိုက် ကောက်ရိုးမီးစိတ်နဲ့ ဖျက်ဟေ့ဆီးဟေ့ဆို လက်ခုပ်တီးကြတဲ့ မိုက်ရူးရဲတွေပဲ ထွက်လာပြီး ဘယ်ကိစ္စမဆို ဆုံးခန်းတိုင်အောင် မသွားကြတာလည်း မြင်ရပါသေးတယ်။ ကိုယ်လုပ်ရင် လုပ်တယ်လို့ ဝန်ခံရဲတဲ့ တာလီဘန်တွေတောင် အာဏာရအောင်ယူနိုင်သေးပေမဲ့ တာဝန်မယူဘဲ ခိုးဖို့ပဲ ချောင်းနေတဲ့ တော်လှန်ရေး သမားတွေ၊ သမိုင်းအမှန်ကိုဖျောက်၊ ကိုယ်လုပ်တာကိုယ် ဝန်မခံရဲ၊ ကိုယ်လျှောက်နေတဲ့ အလုံးစုံပျက်သုဥ်းရေးလမ်းစဥ်နဲ့ ဖျက်ဆီးသမျှကိုလည်း တစ်ဖက်သတ်ပုံချနေပြီး အစိုးရအမည်ခံသူတွေ အာဏာအစစ်တကယ်ရဖို့က မဖြစ်နိုင်သမို့ NLD ရဲ့ သဘာပတိကြီးဟံသာဝတီဦးဝင်းတင် ဆုံးမခဲ့ဖူးသလို “မင်းတို့နိုင်ငံရေးက ပျက်မှာပဲ။ တစ်အချက်က မရိုးသားကြဘူး။ နှစ်အချက်က ကျေးဇူးရှိသူကို မဖော်ပြရဲဘူး”လို့ဆိုခဲ့တာက NLD မှာ မှန်ခဲ့သလို NUG နဲ့ PDF တွေမှာလည်း ဆက်မှန်ဦးတော့မယ်လို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။