၁၆. ၁၀. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီလဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်ကိုယ်စားပြု “မင်းနိုင်စိုး” ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနက ဇာတ်တော်ကြီးတီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့် ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုကို ကြည့်ရှု့အားပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု “မဟာဧရာ” ဇာတ်တော်ကြီးအဖွဲက လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု “ဖန်ခါးမြေ” ဇာတ်တော်ကြီးအဖွဲကလည်းကောင်း၊ ယနေ့တွင် မွန်ပြည်နယ်ကိုယ်စားပြု “မင်းနိုင်စိုး” ဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဖြစ်သည်။
အောက်တိုဘာ ၁၇ ရက်(ယမန်နေ့)မှ အောက်တိုဘာ ၂၀ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြု ဇာတ်တော်ကြီးအဖွဲများက သတ်မှတ်ရက်များအလိုက် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။