၁၆.၁၀.၂၀၂၄
Written by KL
ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄/၀ တွင် အောက်တိုဘာလ ၁၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ခရီးသည် နှစ်ဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သော တက်နေဝန်းခရီးသည်တင်ယာဥ် တိမ်းမှောက်မှုမှာ ယာဥ်နောက်လိုက်က ကားကိုမောင်းနှင်ရာမှ အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
တောင်ကြီးမှ ပဲခူးသို့ပြေးဆွဲသော တက်နေဝန်း ခရီးသည်တင် ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မအိသဥ္ဇာမောင်နှင့် အသက် ၇၄ နှစ်အရွယ် ဒေါ်ရှာဘီတို့ သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသက် ၂၀ မှ အသက် ၇၅ နှစ်ကြားရှိ အမျိုးသား ၈ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၃ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ကားပေါ်မှာ ခရီးသည် ၂၈ ဦးလိုက်လာတာ။ ၂ ဦးကတော့ နေရာမှာတင် ဆုံးသွားတယ်။ ဒဏ်ရာရသူတွေက ပေါက်ပြဲဖူးယောင် ပွန်းပဲ့ဒဏ်ရာတွေရကြပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ခရီးသည်တင်ယာဥ်မှာ အရှေ့လေကာမှန်ကွဲအက်ပြီး ညာဘက်တစ်ခြမ်းလုံး ပိန်ချိုင့်ပျက်စီးခဲ့သဖြင့် ကားတက်မောင်းသည့် ယာဥ်နောက်လိုက်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုကောင်းထက်တင်ကို ဇီးပင်သာအမြန်လမ်းရဲစခန်းကရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။