၁၆.၁၀. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံသည် ရုရှား၊ အီရန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံများထဲတွင် အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံများစာရင်း၌ ပါဝင်နေကြောင်း Freedom House အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာဖြစ်လာခဲ့ပြီးနောက် အင်တာနက်အသုံးပြုမှုလွတ်လပ်ခွင့်ဆိုးရွားလာခဲ့ပြီး ဆယ်စုနှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့်အတွက် ရရှိမှုအမှတ်အနည်းဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံနှင့်အတူ ပါဝင်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်လွှတ်တော်၏အထောက်အပံကို ရရှိထားသည့် ဒီမိုကရေစီလိုလားသော သုတေသနအဖွဲ့ဖြစ်သော Freedom House သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၏ အင်တာနက်လွတ်လပ်ခွင့်အခြေအနေကို လေ့လာစောင့်ကြည့်ခဲ့ပြီးနောက်အမှတ်ပေးခဲ့ခြင်းဖြစ်ရာ၂၀၂၄ ခုနှစ် ထုတ်ပြန်ချက်က Freedom House အဖွဲ့အတွက် ၁၄ ကြိမ်မြောက်ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါအဖွဲ့က မြန်မာနိုင်ငံသည် ပြီးခဲ့သောမေလတွင် အင်တာနက်လွတ်လပ်စွာအသုံးပြုခြင်းကို တားဆီးရန်ကြိုးပမ်းခဲ့ရာသုံးစွဲသူများသည် VPNs အသုံးပြုခြင်းများလုပ်ဆောင်ခဲ့ရကြောင်း ဖော်ပြထားသည်။
Freedom House အဖွဲ့သည် ကမ္ဘာလူဦးရေ၏ ၈၇ ရာခိုင်နှုန်းဖြစ်သော နိုင်ငံပေါင်း ၇၂ နိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်အခြေအနေကို လေ့လာသုံးသပ်ခဲ့ကာ စစ်တမ်းထုတ်ပြန်ခဲ့ပြီး နိုင်ငံပေါင်း ၄၁ နိုင်ငံက ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Freedom House အဖွဲ့သည် ကမ္ဘာ့နိုင်ငံများ၏ အင်တာနက်လွတ်လပ်ခွင့်အခြေအနေကို ထုတ်ပြန်ရာတွင် အင်တာနက်လွတ်လပ်ခွင့်နိုင်ငံ၊ အင်တာနက်အသုံးပြုခွင့် တစ်စိတ်တစ်ပိုင်းလွတ်လပ်ခွင့်ရှိသောနိုင်ငံနှင့် အင်တာနက်အသုံးပြုခွင့်လွတ်လပ်ခွင့်မရှိသောနိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံက အီရန်၊ ထိုင်း၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ဘီလာရုစ့်၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အီသီယိုပီးယား၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ရုရှား၊ ရဝမ်ဒါ၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ တူရကီ၊ ဗီယက်နမ်၊ ဗင်နီဇွဲလား၊ ဥဇဘက်ကစ္စတန် နိုင်ငံတို့နှင့်အတူ အင်တာနက်လွတ်လပ်ခွင့်မရှိသောနိုင်ငံအဖြစ်သတ်မှတ်ဖော်ပြခံရခြင်းဖြစ်ကြောင်းသိရသည်။
REf, Freedom House