၁၆. ၁၀. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲတွေကို ဒီနေ့ အောက်တိုဘာ ၁၆ ရက်ကနေ အောက်တိုဘာ ၁၈ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါဈေးရောင်းပွဲတော်မှာ ဟင်းသီးဟင်းရွက်၊ စက်မှုထုတ်ကုန်၊ ရေထွက်ကုန်၊ Handmade ကုန်ပစ္စည်းတွေကို မနက် ၈ နာရီကနေ ည၈ နာရီအထိ ရောင်းချပေးမှာဖြစ်ပြီး တေးဂီတဖျော်ဖြေပွဲကိုတော့ ညနေ ၄ နာရီကနေ ည ၇ နာရီ ဖျော်ဖြေပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် အလှမီးတွေ ပြင်ဆင်ပေးထားသလို မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ ညမှာလည်း တေးဂီတဖျော်ဖြေပွဲအပြင် အလှမီးရှူးမီးပန်းတွေ ဖောက်သွားမှာဖြစ်လို့ အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။