၁၆.၁၀.၂၀၂၄
Translated by Htwe Ko Tun
မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း၊ အသက် ၉၉ နှစ်ရှိပြီဖြစ်သည့် မဟာသီ မိုဟာမက်က ၎င်း စွဲချက်တင်ထားသော အသရေဖျက်မှုအတွက် တရားရုံး၌ ကြားနာမှုတစ်ရပ်ကို ပျက်ကွက်ခဲ့ကြောင်း မီဒီယာတစ်ခုက ဖော်ပြခဲ့အပြီးမှာပင် ဝန်ကြီးချုပ်ဟောင်း၏ရုံးက မဟာသီမှာ အသက်ရှုလမ်းကြောင်း ပိုးကူးစက်မှုအတွက် ဆေးရုံသို့တင်ထားရကြောင်း အောက်တိုဘာလ ၁၆ ရက်က ပြောကြားခဲ့သည်။
မဟာသီ အနေဖြင့် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ်နှစ်ခုကျော် ထမ်းရွက်ခဲ့သူဖြစ်သည်။ ၎င်းကနှလုံးရောဂါလည်းရှိထားကာ ခွဲစိတ်ကုသမှုများလည်းခံယူထားရသူဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်းဆိုလျှင် မဟာသီက ဆေးရုံသို့တက်လိုက်ဆင်းလိုက် မကြာခဏ ပြုနေခဲ့ရကာ ဇူလိုင်လအတွင်းကပင် နောက်ဆုံးဆေးရုံတက်ခဲ့ရသေးသည်။
မဟာသီက လက်ရှိ ဒုတိယဝန်ကြီးချုပ်အား ၎င်းက အသရေဖျက်မှုဖြင့် အမှုဖွင့်ထားမှုအား တရားရုံးတွင် အောက်တိုဘာလ ၁၆ ရက်၌ ကြားနာရန်ရှိကြောင်း သိရသည်။ သို့သော် မဟာသီအား ကွာလာလမ်ပူမြို့ရှိ နှလုံးဆေးရုံ၌ တင်ထားရကြောင်း ၎င်း၏ရှေ့နေကပြောခဲ့ပြီးနောက် ဒေသခံမီဒီယာများက တရားရုံးကြားနာချက်အား ရွှေ့ဆိုင်းလိုက်ကြောင်းဖော်ပြခဲ့ကြသည်။
မဟာသီမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာပိုးဝင်မှုကြောင့် ချောင်းဆိုးနေကာ အောက်တိုဘာလ ၁၅ ရက် ညနေတွင် ဆေးရုံတင်ခဲ့ရကြောင်းနှင့် အောက်တိုဘာလ ၂၅ ရက်အထိ ဆေးခွင့်ယူထားကြောင်း ၎င်း၏ လက်ထောက်တစ်ဦးကပြောခဲ့သည်။
မဟာသီ က မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ သည်။ အတိုက်အခံညွန့်ပေါင်းအဖွဲ့က အနိုင်ရခဲ့ပြီးနောက် ၎င်းက ၂၀၁၈ ခုနှစ်တွင် တစ်ဖန်ပြန်လည်၍ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သို့သော် အချင်းချင်း ခွက်စောင်းခုတ်ကြခြင်းကြောင့် ၎င်း၏အစိုးရအဖွဲ့ က နှစ်နှစ်မပြည့်မီမှာပင် ပြိုကွဲခဲ့ရသည်။ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင်မူ မဟာသီကရှုံးနိမ့်ခဲ့သည်။
Ref-Bangkok Post