၁၆.၁၀.၂၀၂၄
Written by Hey
ခြောက်ဘီးကုန်တင်ယာဉ်နဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ မိသားစုသုံးဦးမှာ နှစ်ဦးသေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဝမ်းတွင်းမြို့ Petro ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားနဲ့ဆိုင်ကယ် မတော်တဆတိုက်မိကြောင်း အရေးပေါ်လူနာရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ဝမ်းတွင်းမြို့လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းကို တာဝန်သိပြည်သူတစ်ဦးက ဆက်သွယ်အကူအညီတောင်းခံတာကြောင့် သွားရောက်ရာ ဖြစ်စဉ်အရောက်မှာ သေဆုံးသူနှစ်ဦးနဲ့ အရေးပေါ် လူနာတစ်ဦးကို တွေ့ရှိကူညီခဲ့ရကြောင်း သိရပါတယ်။
မြန်မာနိုင်ငံလူမူကယ်ဆယ်ရေး ဝမ်းတွင်းမြို့လုံးဆိုင်ရာ ပရဟိတကွန်ရက်မှတာဝန်ရှိသူက “ကားမှားလား ဆိုင်ကယ်မှားလားဆိုတာတော့ မပြောလိုပါဘူး။ မျက်နှာချင်းဆိုင်တိုက်တာမှာ ဆိုင်ကယ်ပေါ်က သားအမိနှစ်ဦး သေတယ်။အဖေက ဆေးရုံပေါ် အရေးပေါ်လူနာအဖြစ်တင်ရပါတယ်။ ထိခိုက်တဲ့ မိသားစုက ဝမ်းတွင်းမြို့နယ် ကုန်းရွာကလို့ သိရပါတယ်။ ခြောက်ဘီးယာဉ်မောင်းလည်း နေရာမှာပဲ စစ်ဆေးမှု ခံယူနေပါတယ်။ အဲ့ဒီ့နားမှာက စစ်ဆေးရေးဂိတ်လည်း ရှိနေပါတယ်” လို့ MT News ကို ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ အသက်လေးဆယ်ဝန်းကျင် အမျိုးသားမှာ ညာပေါင်ရိုးကျိုး၊ ဒဏ်ရာ၊ ညာလက်ကျိုးဒဏ်ရာနဲ့ ဦးခေါင်းကွဲတဲ့ဒဏ်ရာတွေ ရရှိထားတာကြောင့် ဝမ်းတွင်းပြည်သူ့ဆေးရုံဆီ တင်ပို့ ကုသရာ ဆေးရုံက မိတ္ထီလာဆေးရုံကြီးဆီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း၊ ဇနီးဖြစ်သူ အမျိုးသမီးမှာလည်း ခန္ဓာကိုယ်အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့သလို သမီးဖြစ်သူ အသက် ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ်မှာ ဦးခေါင်းပြင်းထန်ထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလူမူကယ်ဆယ်ရေး ဝမ်းတွင်းမြို့လုံးဆိုင်ရာ ပရဟိတကွန်ရက်မှတာဝန်ရှိသူက “သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဝမ်းတွင်းမြို့နယ်ကုန်းရွာဆီ အသင်းကပဲ လိုက်ပို့ပေးနေတယ်။ မိတ္ထီလာကို လွှဲတဲ့ အမျိုသားကလည်း အခြေအနေမကောင်းလို့ ဆေးရုံက စောင့်ခိုင်းတာနဲ့ လိုက်ပို့တဲ့ ကျွန်တော်တို့အသင်းကယာဉ်ကပဲ စောင့်ပေးနေပါတယ်” လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။