၁၆.၁၀.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ယနေ့အောက်တိုဘာလ ၁၆ ရက် န့နက် ၉ နာရီခွဲခန့်အချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့် အထိုးခံခဲ့ရသောကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သော အသိုင်းအဝိုင်းက သိရသည်။
အင်းစိန်ကမ်းနားအနောက် (အုပ်ချုပ်ရေးမှူး) အသက် ၅၉ နှစ်အရွယ် ဦးစိုးသန်းသည် သူနေထိုင်ရာ ကမ်းနားအနောက်၊ မ.၂၉၊ သဒ္ဓါသုခလမ်း နေအိမ်မှ ရပ်ကွက်ရုံးသို့သွားရောက်ရန် လမ်းလျှောက်လာစဉ် သဒ္ဓါသုခ လမ်းထိပ်အရောက်တွင် ကိုလတ်(ဘ)ဦးသိန်းကြွယ်၏ သား(ကိုယ်ရေးအချက်အလက်စိစစ်ဆဲ) က အနားသို့ လမ်းလျှောက်လာပြီး ဓားနှင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် လက်ယာဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁) ချက်၊လက်ယာလက်ခုံ ပြတ်ရှဒဏ်ရာ (၁)ချက် ရရှိခဲ့သောကြောင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ ကုသမှုခံယူနေရကြောင်း သိရသည်။
“ဒဏ်ရာကတော့ မစိုးရိမ်ရဘူး။ ဒါပေမဲ့ အခုကာလက အုပ်ချုပ်ရေးမှူးတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီးတော့ လုပ်ကြံသူတွေ ရှိနေတယ်။ ဒါကြောင့် လုံခြုံရေး ဂရုစိုက်ဖို့လိုတယ်။ အများပြည်သူတွေ အနေနဲ့ကလည်း သတင်းရရင် လုံခြုံရေးကို ပူးပေါင်းစေလိုတယ်။ အခုဖြစ်စဉ်မှာ ဓားနဲ့ထိုးသူကို သိတဲ့အတွက် မကြာခင် ဖမ်းမိမှာပါ”ဟု လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် အဆိုပါ ကိုလတ်(ဘ)ဦးသိန်းကြွယ်၏ သားမှာ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် ဖမ်းဆီးရေးပိတ်ဆို့ရှာဖွေနေကြောင်း သိရသည်။