၁၆. ၁၀. ၂၀၂၄
Written by Nyein Kyaw
လျှပ်စစ်မီတာခများ မြင့်တက်လာသောကြောင့် လျှပ်စစ်သုံးယာဉ် (EV)များ၏ အားသွင်းခနှုန်းထားများကို အောက်တိုဘာ ၁၅ ရက် (ယမန်နေ့)မှ စတင်ပြီး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ကြေညာထားသည်။
တိုးမြှင့်လာသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်အညီ လျှပ်စစ်သုံးယာဉ် အားသွင်းခကိုလည်း သင့်လျော်သည့် နှုန်းထားဖြင့် ပြင်ဆင်တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ညှိနှိုင်းတွက်ချက်ကာ ဦးဆောင်ကော်မတီသို့ တင်ပြခဲ့ခြင်းဖြစ်သည်။
ညှိနှိုင်းဆွေးနွေးချက်များအရ EV ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ် (Taxi) များအတွက် အားသွင်းခနှုန်းထား တစ်ယူနစ် ကျပ် ၇၀၀ နှုန်းနှင့် ကိုယ်ပိုင်ယာဉ်များအတွက် အားသွင်းခနှုန်းထား တစ်ယူနစ် ကျပ် ၇၅၀ နှုန်း သတ်မှတ်နိုင်ရေး ဦးဆောင်ကော်မတီက ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
“အရင်က ၄၀၀၊ ၄၅၀ ဝန်းကျင် သတ်မှတ်ထားတာ။ ၅၀၀ တော့မပြည့်ဘူး။ အခုက မီတာခတွေလည်း ပြောင်းလဲလာတာဆိုတော့ ၇၀၀ နဲ့ ၇၅၀ ပြောင်းသတ်မှတ်လိုက်တာ။ မီတာခကလည်း နှစ်ဆလောက် မြင့်လာတယ်ဆိုတဲ့နောက်မှာ သူလည်းနှစ်ဆနီးပါး ကောက်ခံလာတာပေါ့။ ဒါပေမဲ့လည်း အပြင်မှာတော့ ကောက်တာတော့ သူ့ဟာနဲ့သူ အဆင်ပြေသလို ကောက်မယ်လို့ပဲ ထင်ပါတယ်။ အကုန်လုံးတော့လည်း ဒီအတိုင်း သွားမယ်လို့မထင်ပါဘူး” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဦးဆောင်ကော်မတီ၏ စီမံမှုအောက်ရှိသော နိုင်ငံတော်ပိုင်မြေနေရာများပေါ်တွင် Charging Station လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများ၊ EV Charger တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေကြသည့် စက်သုံးဆီအရောင်းဆိုင်များ၊ ပုဂ္ဂလိကပိုင်နေရာများနှင့် Hotel & Shoping Center များသို ဆက်လက် အသိပေးအကြောင်းကြားနိုင်ရန်နှင့် EV Charging Station များတွင် ကောက်ခံရမည့်နှုန်းထားများအား အောက်တိုဘာ ၁၅ ရက်(ယမန်နေ့)မှစတင်၍ ကြေညာဆိုင်းဘုတ်ဖြင့် ဖော်ပြကောက်ခံစေရေး ကြပ်မတ်ဆောင်ရွက်ရန် အသိပေးထုတ်ပြန်ထားသည်။