၁၅.၁၀.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းပေါ်တွင် ဆိုင်ကယ်စလစ်ဖြစ်၍ လဲကျသော အမျိုးသမီးကို ကားကြိတ်မိကာ သေဆုံးခဲ့မှု အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ အမျိုးသမီးနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်မှာ လမ်းပေါ်ရှိ ရွံ့များပေါ် နင်းမိရာက စလစ်ဖြစ်ကာ တိမ်းမှောက်စဥ် လဲကျနေသော အမျိုးသမီး၏ ဦးခေါင်းကို မျက်နှာချင်းဆိုင် မောင်းနှင်လာသော Dump Truck အမျိုးအစား မော်တော်ယာဥ်က ကြိတ်မိခဲ့ခြင်းဖြစ်သည်။
ကားကြိတ်မှုကြောင့် ပါဆတ်ရပ်ကွက်တွင် နေထိုင်သော အသက် ၃၄နှစ်အရွယ် အမျိုးသမီးမှာ သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ယာဥ်မောင်းကို ရဲတပ်ဖွဲ့က အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
တာချီလိိတ်တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှံ့နွံများကျန်ရစ်ခဲ့ကာ တာဝန်ရှိသူများက ရှင်းလင်းမှုများ ဆောင်ရွက်နေသော်လည်း မြေသယ်ယာဥ်များက သယ်ဆောင်ရာ၌ ရွံ့နွံအချို့ ကျန်ရစ်ကာ ဆိုင်ကယ်များ စလစ်ဖြစ်၍ တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။