ဖြိုးဝေ
၁၅. ၁၀. ၂၀၂၄
မြန်မာနိုင်ငံကို တည်ငြိမ်စေလိုပြီး နိုင်ငံတကာက အဆက်အသွယ်ဖြတ်တောက်ထားတာကို မနှစ်လိုတဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ အောက်တိုဘာ ၁၀ ရက်က အာဆီယံခေါင်းဆောင်တွေကို မြန်မာနိုင်ငံ အထီးကျန်ဖြစ်သွားအောင် မလုပ်ဖို့ မိန့်ခွန်းပြောခဲ့အပြီးမှာပဲ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် SAC အစိုးရနဲ့ QIP စီမံချက်ငါးခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
မြန်ဆန်စွာအကျိုး ဖြစ်ထွန်းစေမဲ့ စီမံချက်များ (Quick Impact Projects-QIP)ကို အိန္ဒိယက ၂၀၂၃ ခုနှစ်မှာ စီမံကိန်း ၃ ခု ကူညီခဲ့ပြီး ၂၀၂၄ ထဲမှာတော့ စီမံကိန်း ၁၀ ခုစာလောက်အတွက် ဒေါ်လာ ၅၀၀၀၀၀ ကူညီပေးမယ်လို့ ကတိပြုခဲ့တာဟာလည်း ကမ္ဘာက ပစ်ပယ်အပြစ်ဖို့ပြီး အကျပ်အတည်းထဲ မရောက်ရောက်အောင် တွန်းပို့ခံနေရတဲ့ မြန်မာနိုင်ငံအတွက်တော့ အားတက်စရာဖြစ်ခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာပဲ အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမဲ့ BRICS ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးကြိုးပမ်းမှု ပထမအဆင့်က အောင်မြင်ဖွယ်ရှိတဲ့ အခြေအနေကိုလည်း တွေ့မြင်ရပါသေးတယ်။
အခြားတစ်ဖက်မှာလည်း အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (MSME) ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတော်က ငွေကျပ် ၁၅၀ ဘီလျံဘမတည်ပြီး သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေတွေကို Participating Financial Institutions (PFI) ဘဏ်တွေက တစ်ဆင့် စနစ်တကျ စတင် ထုတ်ချေးပေးတာ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံဖွင့်လှစ်ခိုင်းထားတဲ့ ဆိုင်တချို့ ထိုင်းရဲက ဖမ်းဆီးလိုက်ပြီး နောက်ကွယ်က ဆိုင်ရှင်တွေဟာ တော်လှန်ရေးကိုအကြောင်းပြုလို့ ပြည်သူ့အလှူငွေကိုယ်ကျိုးသုံးနေတဲ့ NUG နဲ့ ထောက်ပို့တွေလို့ သတင်းထွက်လာတာ၊ နှစ်ပေါင်း ၁၂၀ နီးပါးသက်တမ်းရှိလာတဲ့ YMBA နာမည်ကိုသုံးပြီး ကိုယ်ကျိုးစီးပွားရှာမှုတွေ ကြုံလာရတယ်လို့ ထုတ်ပြန်လာတာ၊ KIA နဲ့ PDF ကြီးစိုးထားပြီး လက်နက်ကိုင်များပြားတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ခရီးသွားကားတွေနဲ့ ကုန်ကားတွေကို ဓားပြတိုက် ခြိမ်းခြောက်လုယက်မှုတွေ ဖြစ်ပွားနေပြီး စားနပ်ရိက္ခာ အဓိက လုယက်နေတာ၊ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပေးပြီးမှ ဆန်တင်ပို့မှုက လစဉ်တင်ပို့ဖို့ လျာထားချက် တန်ချိန် ၂ သိန်းကျော် နှစ်လဆက်တိုက်ပြည့်မီလာတာ၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့တဲ့ ရေမျောနေအိမ်တစ်အိမ် ကျပ် ၂၃ သိန်းခွဲနှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၁၇ သိန်းခွဲနှုန်းနဲ့ အစိုးရက ကူညီ ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ သတင်းဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ တရားမဝင်ကုန်သွယ်မှုတွေကို တားဆီးထိန်းချုပ်တဲ့ ၃၂ လအတွင်း ကျပ်ဘီလျံ ၃၀၀ ကျော်ဖိုးဖမ်းမိတဲ့အကြောင်း၊ ဒေါ်လာဈေးကျပေမဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းမလာတဲ့အခြေအနေတွေအကြောင်းနဲ့ မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ရေးဆွေးနွေးမဲ့ Article 33 အပေါ် ကန့်ကွက်မှုတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ ၃၂ လအတွင်း ဘီလျံ ၃၀၀ ကျော်ဖိုးဖမ်းမိတဲ့ တရားမဝင်ကုန်စည်
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဘားအံ – မြ၀တီလမ်းကြောကို ထိန်းချုပ်ထားတဲ့ KNU နဲ့ ကရင်လက်နက်ကိုင်တွေ၊ PDF တွေက ကုန်စည်သယ်ယူပို့ဆောင်မှုတွေကနေ တစ်လ ကျပ် သိန်း ၄၀၀၀၀ ( ၄ ဘီလျံ) လောက် သပိတ်ဝင် အိတ်ဝင်ရနေတယ်လို့ ISP Myanmar က စစ်တမ်းတွေထုတ်လာအပြီးမှာပဲ SAC ဒုဥက္ကဋ္ဌကလည်း တရားမဝင်ကုန်စည်တွေ ဖမ်းဆီးတဲ့ ၃၂ လအတွင်းမှာ ကျပ် ဘီလျံ ၃၀၀ ကျော်ဖိုးအထိ ဖမ်းမိထားကြောင်း၊ ဒီလိုဖမ်းမိထားပေမဲ့ ဒီကာလမှာ နိုင်ငံတော်လိုအပ်ချက်အရ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချပြီး သွင်းကုန်ပစ္စည်းတင်သွင်းမှုကို စိစစ်ကန့်သတ်မှုအပေါ် အခွင့်ကောင်းယူလို့ ပြည်တွင်းလိုအပ်ချက်ရှိတဲ့ ကုန်စည်တွေ တရားမဝင်တင်သွင်းမှု ပြုလုပ်နေတာ အများဆုံးတွေ့ရှိရလို့ ထိထိရောက်ရောက် တားဆီးစစ်ဆေး ဖမ်းဆီးနိုင်ဖို့လိုတယ်လို့ ပြောလာတာကိုလည်း တွေ့ရပါတယ်။ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ရင် နိုင်ငံ့အတွက် အခွန်ဝင်ငွေမရရှိဘဲ တရားမဝင်ကုန်သွယ်မှု ကြီးထွားလာနိုင်သလို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းအသီးသီးကိုလည်း သက်ဆိုးရှည်စေမှာဖြစ်တာကြောင့် တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်တားဆီးဖို့လိုတယ်လို့ပါ ပြောကြားသွားတာ တွေ့ရပါတယ်။
SAC အစိုးရ ၃၂ လမှာ ဖမ်းမိတဲ့ တရားမဝင်ကုန်စည် ဘီလျံ ၃၀၀ ကျော်ဟာ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရဟောင်း နှစ်ဆက်ကာလ ဆယ်နှစ်စာဖမ်းဆီးမှုထက် နှစ်ဆကျော်သုံးဆ ပိုသာပေမဲ့ ပျမ်းမျှတွက်မယ်ဆို တစ်လမှ ၉ ဘီလျံခွဲဖိုးလောက် ဖမ်းမိတာပါ။ ဒါပေမဲ့ ဒီ ဖမ်းမိမှုဟာ ကားတွေ၊ သစ်တွေနဲ့ တစ်နိုင်ငံလုံးမှာ ဖမ်းမိတာကို ကုန်ပစ္စည်းတန်ဖိုးရင်းတွေနဲ့ ပေါင်းထားတဲ့ ပမာဏဖြစ်ပါတယ်။
အဲဒီတစ်ချိန်တည်းမှာပဲ တစ်လ ၄ ဘီလျံလောက် အခွန်ကောက်၊ ဆက်ကြေးကောက်ရင်း ဝင်ငွေရနေတဲ့ KNU နဲ့ ကရင်လက်နက်ကိုင်တွေကြတော့ လမ်းပိုင်းလေးတစ်ခု ထိန်းထားနိုင်ရုံနဲ့တင် တရားမဝင်တင်သွင်းလာတဲ့ မှောင်ခိုကုန်စည်ပေါ်မှာ ရာခိုင်နှုန်းတစ်ခု ဆက်ကြေး ကောက်နေရုံနဲ့ကို လစဉ် ၄ ဘီလျံလောက်ဝင်နေတာဖြစ်လို့ မှောင်ခိုကုန်သွယ်မှုက ဖမ်းမိမှုထက် အဆမတန်များနေတာလို့ တစ်ထစ်ချတွေးလို့ရပါတယ်။ တစ်ထစ်ချတွေးလို့ရသလို KNU ဝင်ငွေကောင်းနေလေ ပြည်သူက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ခံရလေဖြစ်နေတဲ့အပြင် ဒီဆက်ကြေးဝင်ငွေကြောင့်ပဲ KNU အင်အားတောင့်တင်းသထက်တင်းလာတာကြောင့် မြဝတီလမ်းကြောက ပုံမှန်ကုန်စည်ကူးသန်းနိုင်ဖို့ မလွယ်တော့ဘဲ စစ်ပွဲကလည်း ရှည်သထက်ရှည်ဦးမဲ့ အခြေအနေပါ။
ဒီအခြေအနေ လွန်မြောက်ဖို့က KNU ကို ဒီလမ်းကြောက တိုက်ထုတ်နိုင်ဖို့ မဖြစ်မနေလိုအပ်သလို တရားဝင်သွင်းကုန်သမားတွေ အားကောင်းဖို့လည်းလိုအပ်တဲ့အပြင် မှောင်ခိုကုန်စည်ကိုလည်း ဒါ့ထက် ပိုဖမ်းဖို့ လိုနေတဲ့သဘောပါပဲ။ အဓိကအကျဆုံးအဖြစ်လည်း မှောင်ခိုတင်သွင်းတာကို ဖမ်းပြီး ပစ္စည်းသိမ်းနေတာထက် လူနဲ့ ပိုင်ဆိုင်မှုကိုပါ နိုင်ငံပိုင်သိမ်းဖို့အထိ အရေးယူတာမျိုးလုပ်ဆောင်ဖို့လည်း သင့် မသင့် တွေးရမှာပါ။ ဒီလိုမျိုးပြင်းပြင်းထန်ထန် မလုပ်သရွေ့တော့ တရားဝင်လမ်းကြောင်းပေါ်တက်လာမှာမဟုတ်သလို ငါးခါသွင်း၊ တစ်ခါမိ၊ အမိခံရတဲ့တစ်ခါက အရင်းကိုပါ လွတ်သွားတဲ့ လေးခါမှာ ထပ်ပေါင်းပြီး အမြတ်ထုတ်ကြတဲ့တရားမဝင် လုပ်ငန်းရှင်တွေကြောင့် နိုင်ငံနဲ့ပြည်သူကတော့ စုတ်ပြီးရင်း ပိုစုတ်ပြတ်ဦးမှာလည်း အသေအချာပါ။
◾ ဒေါ်လာဈေးကျပေမဲ့ ကျမလာတဲ့ ကုန်ဈေးနှုန်း
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တစ်ဒေါ်လာ ၇၀၀၀ ကျော်သွားတဲ့ ဒေါ်လာဈေးဟာ လက်ရှိမှာတော့ ၄၅၀၀ ပတ်လည်နဲ့အောက်ကျနေတာ ၂ ပတ်နီးနီးရှိပါပြီ။ ၂ ပတ်နီးနီး ဒေါ်လာဈေးကျပေမဲ့ ကုန်ဈေးနှုန်းကတော့ လိုက်မကျဘဲ အမြင့်ဈေးမှာ တင်းခံနေတာပါ။
တစ်ချိန်တည်းမှာပဲ ဒေါ်လာဈေးကျတာတောင် ကုန်ဈေးနှုန်းမကျတာကြောင့် မြန်မာကျပ်ငွေဟာ တန်ဖိုးတက်မလာတာကလည်း သိသိသာသာမြင်လာရပါတယ်။ ဒေါ်လာဈေးကျရတာကလည်း မြန်မာကျပ်ငွေမာလာလို့ ဆိုတာထက် မြန်မာနိုင်ငံမှာ ဘာလေးဘာလို့ခေါ်တဲ့ ဒီကာလက ဘိန်းဖြူထွက်ချိန်ဖြစ်လာတာ၊ အမေရိကန်ရွေးကောက်ပွဲနီးလာတာ၊ ပို့ကုန်ရငွေရှိမှ သွင်းကုန် သွင်းခိုင်းတာ၊ တိုင်ကွန်းအဆင့် လုပ်ငန်းရှင်ကြီးတစ်ယောက်က ရုံးချုပ်တောင် ထုတ်ရောင်းပြီး ဒီလိုထုတ်ရောင်းတာကလည်း လုပ်ငန်းရှင်ကြီးတွေ ပြည်ပပြောင်းအခြေချဖို့ ပိုင်ဆိုင်မှုတွေရွှေ့နေကြလို့ ဒေါ်လာဈေးကျလာတာဆိုတာမျိုးသုံးသပ်မှုလည်း မြင်တွေ့ရပြန်ပါတယ်။ ဆိုလိုချင်တဲ့ ပုံစံကတော့ လုပ်ငန်းရှင်တစ်ယောက်ဟာ သူ့လုပ်ငန်းတွေ ရောင်းတဲ့အခါ ဒေါ်လာနဲ့ချည်း ရောင်းမရဘဲ ကျပ်ငွေနဲ့ရောင်းတဲ့အခါ ဒီကျပ်ငွေကို ပြည်ပမှာ သုံးလို့မရဘဲ ဒေါ်လာကိုပဲ သူကဲ့ထုတ်ရမှာပါ။ အဲဒီအခါမှာ ကျပ်သိန်း ၇၀၀၀၀ ကို တစ်ဒေါ်လာ ၇၀၀၀ နှုန်းနဲ့ သူ နိုင်ငံခြားကဲ့ထုတ်ရင် ဒေါ်လာ တစ်သန်းပဲရမှာဖြစ်ပေမဲ့ တစ်ဒေါ်လာ ၃၅၀၀ အထိကျချိန်မှာ ကဲ့ထုတ်ရင် ဒေါ်လာ ၂ သန်းရမှာပါ။ လုပ်ငန်းရှင်တစ်ယောက်က ပြည်ပကို ပိုင်ဆိုင်မှုရွှေ့တာက သိပ်ပြဿနာမရှိပေမဲ့ လုပ်ငန်းရှင်အစုအဖွဲ့အလိုက် ပိုင်ဆိုင်မှုရွှေ့ကြတာဆိုရင်တော့ နိုင်ငံရဲ့ အကျပ်အတည်းအခြေအနေက မကြာခင်ပိုဆိုးရွားမယ်ဆိုတဲ့ နိမိတ်ပြချက်လို့လည်း တွေးရမှာဖြစ်ပြီး သူတို့အပြီးရွှေ့နေကြတာကလည်း ရွေးကောက်ပွဲမတိုင်ခင်ရွှေ့ကြတာဆိုတဲ့ သုံးသပ်မှုလည်း ကြားသိရပြန်ပါသေးတယ်။
အခြားတစ်ဖက်မှာလည်း ကုန်ဈေးနှုန်းက ကျလာစရာမရှိဘဲ ဆက်မြင့်တက်ဦးမယ့်အခြေအနေအဖြစ် တရုတ်နဲ့ ကုန်စည်လမ်းကြောင်းအပါအဝင် နယ်စပ်ဂိတ်ထက်ဝက်နီးပါးက အစိုးရအာဏာစက်က လွတ်ကင်းပြီး လက်နက်ကိုင်တွေ ထိန်းချုပ်နေတာ၊ KNU လို လက်နက်ကိုင်တွေကို မရှင်းလင်းနိုင်ဘဲ ဘားအံ – မြဝတီလမ်းကြောက ဆက်ကြေးဂိတ်တွေနဲ့ တရားမဝင်သွင်းနေတာ၊ ပြည်တွင်းထုတ်ကုန်တွေက လျှပ်စစ်မီတာခတက်တာ၊ ကုန်ကြမ်းကလည်း တိုက်ပွဲတွေကြောင့် ပြည်တွင်းထုတ်လုပ်နိုင်မှုလျော့ကျပြီး ပြည်ပသွင်းကုန်အခက်ကြုံတာ၊ စက်သုံးဆီစျေးတက်တာ စတဲ့ ပြောမဆုံးနိုင်တဲ့ အခက်အခဲများစွာလည်း မြင်တွေ့ရပြန်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုအခက်အခဲဟာ ပြည်သူတွေ ဖြေရှင်းနိုင်တာမဟုတ်ဘဲ အစိုးရက ဖြေရှင်းရမှာဖြစ်လို့ နယ်စပ်ကုန်သွယ်ရေးပိတ်ရင် လေကြောင်းနဲ့ ရေကြောင်းက ပိုကုန်သွယ်အောင်၊ ဒေါ်လာအထူးပြုမသုံးစေချင်ရင် နိုင်ငံတွေ အချင်းချင်းအကြား အတည်ပြုပြီးဖြစ်တဲ့ ယွမ်ကျပ်၊ ဘတ်ကျပ်၊ ရူပီးကျပ်နဲ့ ကုန်သွယ်နိုင်အောင်၊ မှောင်ခိုကုန်သွယ်မှုလျော့ကျပြီး တရားဝင်လမ်းကြောင်းပေါ်တက်လာအောင်၊ ပြည်တွင်းက လုံလောက်အောင် ထုတ်လုပ်နိုင်စွမ်းမရှိသေးတဲ့ သွင်းကုန်တွေကို တင်သွင်းခွင့် အလွန်အကျွံလျှော့ချတာထက် လိုတိုးပိုလျှော့ ချိန်ညှိတာမျိုးဖြစ်အောင် လုပ်ဆောင်ပြီးမှ ကုန်စျေးနှုန်းကျဆင်းရေးလုပ်ပေးရမှာပါ။ ဒီလိုချိန်ညှိနိုင်မှပဲ အခက်အခဲကြားက ပြည်သူသက်သာချောင်ချိအောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ အစိုးရဖြစ်လာမှာပါ။
◾ မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ရေးဆွေးနွေးမဲ့ Article 33 အပေါ် ကန့်ကွက်မှု
Article 33 လို့ ခေါ်ဆိုတဲ့ မြန်မာနိုင်ငံကို အလုံးစုံ ပိတ်ဆို့ရေးအဆို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)ထံ တင်သွင်းခဲ့ရာမှာ ILO က လက်ခံပြီး ပိတ်ဆို့ခြင်းဆိုင်ရာကိစ္စရပ်တွေကို လက်ခံဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့အလုပ်သမားထုစင်စစ်တွေက ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး(ကနောင်ခန်းမ)မှာ ပြုလုပ်ခဲ့ကြပါတယ်။
“အဓိက ကတော့ ကျွန်တော်တို့ အလုပ်သမားထုတွေကို ဒီ Article 33 နဲ့ ပတ်သက်လို့ နားလည်လာအောင်ရှင်းလင်းပြောပြရတာပေါ့။ ဒါကို အတည်ပြုလိုက်မယ်ဆိုရင် ဒီမှာရှိနေတဲ့ စက်ရုံအလုပ်ရုံတွေက ထွက်ခွာသွားရမယ့် အခြေအနေမျိုးမှာ ရှိပါတယ်။ အဲ့ဒီလိုထွက်ခွာသွားရင် အဲ့ဒီစက်ရုံတွေကိုမှီခိုနေတဲ့ သန်းနဲ့ချီတဲ့ဝန်ထမ်းတွေရဲ့စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အများကြီး ထိခိုက်လာနိုင်ဖွယ်ရာရှိပါတယ်။ ဒါက အရိုးရှင်းဆုံးပါပဲ။ မကြာခင်ပြုလုပ်မယ့် lLO ရဲ့မန်ဘာအစည်းအဝေးမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးဖို့ရှိနေတယ်လို့လည်း သိရတယ်။ ဒီလိုစဉ်းစားဆုံးဖြတ်မယ်လို့ ကျွန်တော်တို့ သိထားတယ်။ ပြောရရင် သူတို့ကလည်း အလုပ်သမားအဖွဲ့အစည်းပဲလေ။ ဘယ်အသံတွေကို နားထောင်ပြီးလုပ်မှာလဲ၊ ဆုံးဖြတ်မှာလဲ။ မြန်မာပြည်က အလုပ်သမားထုစစ်စစ်တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေရဲ့အလုပ်သမားတွေ
အကြောင်းတွေကို တကယ်ရော နားလည်ကြရဲ့လား။ မခိုင်လုံတဲ့ အကြာင်းပြချက်တွေနဲ့ ဒါတွေကို တင်သွင်းတယ်။ ဆုံးဖြတ်ဖို့ စဉ်းစားတယ်ဆိုတာက မမျှတဘူး။ အဲ့ဒါကို ဒီနေ့မှာ မြန်မာ့အလုပ်သမားထုစစ်စစ်တွေရဲ့ အသံကို ကြားအောင်၊ သိရအောင် အလုပ်သမားတွေကို ဖိတ်ခေါ်ပြီး ဒီဟာကိုပြုလုပ်ရခြင်းဖြစ်ပါတယ်”လို့ ဆန္ဒဖော်ထုတ်ပွဲကိုဦးဆောင်ပြုလုပ်တဲ့ မြို့နယ်အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင် ဦးဇော်ဇော်အောင်က ပြောပါတယ်။
ILO က Article 33 ကိုလက်ခံပြီး ပိတ်ဆို့မှုတွေပြုလုပ်လို့ ပိတ်ဆို့ခံရမယ်ဆို အလုပ်သမားထုအတွက် နစ်နာဆုံးရှုံးမှုတွေများစွာရှိလာမှာဖြစ်တဲ့အပြင် အခုကာလမှာ နိုင်ငံရေးနဲ့ အလုပ်သမားရေးအမည်ခံ ပြည်ပြေးတချို့ရဲ့ ကိုယ်ကျိုးသာကြည့်တဲ့လုပ်ရပ်တွေ၊ တင်သွင်းချက်တွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကျဆင်းနေတာကို တွေ့ရှိနေရပေမဲ့ ဒီလိုကျဆင်းနေချိန်မှာကို လက်ရှိ လုပ်ကိုင်လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကြောင့် အလုပ်သမားထုရဲ့စားဝတ်နေရေးတွေ အဆင်ပြေနေရတဲ့ အချက်က ငြင်းမရတဲ့အချက်ဖြစ်တယ်လို့လည်း အလုပ်သမားကိုယ်စားလှယ် ဦးဇော်မင်းနိုင်က ပြောပါတယ်။
“ဒါက စက်ရုံအလုပ်ရုံတွေကို မှီခိုရပ်တည်နေရတဲ့အလုပ်သမားထုကို ခြိမ်းခြောက်တဲ့ဖြစ်စဉ်တစ်ခုပါ။အလုပ်သမားရေးအမည်ခံပြည်ပြေးအချို့က ပြုလုပ်နေခြင်းဖြစ်ပါတယ်။ အဆင့်အတန်းရှိတဲ့ အလုပ်သမားအဖွဲ့ချုပ်လို့ သတ်မှတ်ထားတဲ့ ILO လို အဖွဲ့အစည်းက
မြန်မာပြည်တွင်းမှာရှိတဲ့ အလုပ်သမားတစ်ဦးတစ်ယောက်ကိုမှ ကိုယ်စားမပြုတဲ့ စက်ရုံအလုပ်ရုံဝန်ထမ်းတွေရဲ့ဘဝရပ်တည်မှုတွေကို နားလည်မှုမပေးနိုင်တဲ့ မြန်မာပြည်အခြေအနေနဲ့ ပကတိကင်းကွာနေတဲ့ လူပုဂ္ဂိုလ်တွေရဲ့တင်ပြချက်တွေကို အာရုံစိုက်တာထက် ဒီကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း၊ အလုပ်သမားစစ်စစ်တွေရဲ့ အသံကို ပိုမိုအာရုံစိုက်စဉ်းစားရမှာဖြစ်ပါတယ်”လို့လည်း ဆန္ဒထုတ်ဖော်ပွဲကိုတက်ရောက်လာတဲ့ အလုပ်သမားတစ်ဦးက ပြောပါသေးတယ်။
Article 33 နဲ့ ပတ်သက်လို့ ILO အနေနဲ့ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကာကွယ်ပေးဖို့၊ အလုပ်သမားထုစစ်စစ်တွေရဲ့ အသံကို နားထောင်ပေးဖို့နဲ့ Article 33 နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချရမယ့်ကိစ္စရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနကနေ အလုပ်သမားထုရဲ့အသံကို ILO သို့ ပြောကြားပေးဖို့ ဆိုတဲ့ အချက်တွေကိုလည်း ဆန္ဒထုတ်ဖော်ပွဲမှာတောင်းဆိုခဲ့ကြပါတယ်။
ILO က အဲ့ဒီ Article 33 နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို အခု အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာပြုလုပ်မယ့်သူတို့ရဲ့ မန်ဘာအစည်းအဝေးမှာ စဉ်းစားဆုံးဖြတ်ဖို့လည်းရှိနေတာဖြစ်ပါတယ်။
ဒီနေရာမှာ အမေရိကန်၊ ILO နဲ့ နိုင်ငံတကာက ပိတ်ဆို့မှုတွေဟာ အစိုးရတွေ လုပ်ငန်းရှင်တွေကို မထိခိုက်ဘူးဆိုတာ မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကာလ ပိတ်ဆို့မှုတွေက သက်သေပြခဲ့ပါတယ်။ အဲဒီအချိန်က ပိတ်ဆို့ခံရတဲ့ တပ်မတော်အစိုးရတာဝန်ရှိသူတွေ သူတို့မှီပြီး စီးပွားဖြစ်လာတဲ့ ခရိုနီတွေဟာ ဒီနေ့ခေတ််မှာ ပိုကြွယ်ဝလာပြီး နိုင်ငံတကာကို သွားလာနိုင်တဲ့အပြင် နာမည်ပျက်ကို ငွေကြေးနဲ့ အချိန်နဲ့ ဖုံးလိုက်နိုင်ကြပေမဲ့ မြန်မာအောက်ခြေအလုပ်သမထုကတော့ ပြည့်တန်ဆာဖြစ်ကြရ၊ ပြည်ပအလုပ်သမားအဖြစ် အသက်သွေးချွေးစတေးရ၊ ပြည်တွင်းက လုပ်ငန်းရှင်ငယ်တချို့ ပြိုလဲရနဲ့ပဲ ဆင်းရဲနွမ်းပါးပြည်သူတွေ အကြောင်းဆိုးခဲ့ရတာပါ။ လက်ရှိမှာလည်း ပိတ်ဆို့မှုတွေက အစိုးရဆိုသူတွေ၊ လုပ်ငန်းရှင်တွေကို ထိခိုက်တာထက် အလုပ်သမားသန်းချီကိုပဲ အကြီးအကျယ်ထိခိုက်နေတာသိသိနဲ့ အမေရိကန်၊ EU၊ ILO၊ စတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေဟာ ပိတ်ဆို့မှုဆက်လုပ်နေတာက အစိုးရတစ်ရပ်ကို တိုက်ခိုက်တာထက် ဘာမှမတုံ့ပြန်နိုင်တဲ့ သာမန်ပြည်သူသန်းနဲ့ချီ ဘဝမပျက်ပျက်အောင် တမင်ကြံရွယ်လုပ်ဆောင်နေသလားလို့ မေးခွန်းထုတ်ချင်မိရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။