◾တိုက်ခိုက်ခံရမှုများအတွင်း ကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ကျန်းမာရေးဌာနများသို့ လက်နက်ကိုင်အဖွဲ့များဝင်ရောက်တပ်စွဲမှု ၅၃ ခုနှင့် ကျန်းမာရေးဝန်ထမ်းများဖမ်းဆီးခံရသူအရေအတွက် ၁၀၂ ဦးရှိခဲ့
၁၅.၁၀. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင်း ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကို တိုက်ခိုက်ခံရသောအဖြစ်အပျက်ပေါင်းအနည်းဆုံး ၄၁၈ ခုရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့ (SHCC)က သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်က ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ တိုက်ခိုက်ခံရခြင်းအဖြစ်အပျက် ၂၈၀ ခုသာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ကျန်းမာရေးဝန်ဆောင်မှု တိုက်ခိုက်ခံရမှုအဖြစ်အပျက်များအတွင်း ကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ကျန်းမာရေးဌာနများသို့ လက်နက်ကိုင်အဖွဲ့များဝင်ရောက်တပ်စွဲမှု ၅၃ ခု၊ ကျန်းမာရေးဝန်ထမ်းများဖမ်းဆီးခံရသူအရေအတွက် ၁၀၂ ဦးရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်တွင်း ကျန်းမာရေးဌာနများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမှာလည်း အနည်းဆုံး ၁၃၃ ခုဖြစ်ပွားခဲ့ကြောင်း SHCC အဖွဲ့၏ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျန်းမာရေးဝန်ထမ်းများသည် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ ပြည်သူများကို ကျန်းမာရေးဝန်ဆောင်မှုပေးရာ၌ ပုန်းလျှိုးကွယ်လျှိုးလုပ်ဆောင်ခဲ့ရပြီး ဝန်ဆောင်မှုနှင့်ဆေးဝါးဖြည့်တင်းရေးကိစ္စများတွင် အကန့်အသတ်များရှိခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကို ပိတ်ဆို့တားဆီးသည့်ဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်တွင် သုံးပုံတစ်ပုံတိုးလာခဲ့ကြောင်း၊ ပိတ်ဆို့ခံရသည့်ဖြစ်စဉ်များသည် လက်နက်ကိုင်အဖွဲ့များ အားကောင်းရာဒေသများတွင်ဖြစ်ခဲ့ကြောင်း SHCC အဖွဲ့ကပြောသည်။
ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ ဝန်ထမ်းများ ပြန်ပေးဆွဲခံရသည့်ဖြစ်စဉ်သည်လည်း ၂၀၂၃ ခုနှစ်တွင် ၄ ဆအထိမြင့်တက်လာခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဝန်ထမ်းများကို လက်နက်ကိုင်အဖွဲ့ဝင်များက CDM လှုပ်ရှားမှုတွင်ပါဝင်ရန် သတိပေးခြင်းများပြုလုပ်ခြင်းအပါအဝင် ပဋိပက္ခတွင်ပါဝင်နေသည့်အဖွဲ့အစည်းများက ကျန်းမာရေးဝန်ထမ်းများကိုခြိမ်းခြောက်ခြင်း၊ အရှက်ခွဲခြင်းများလည်းလုပ်ဆောင်ခဲ့ကြောင်း SHCC အဖွဲ့ကပြောသည်။
၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရမှုအများဆုံးနေရာသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင်း ဆေးရုံ၊ ဆေးခန်းများ ထိခိုက်ပျက်စီးမှု ၃ ဆကျော်မြင့်တက်လာခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေးညွှန်ပေါင်းအဖွဲ့ SHCC ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
REf ,SHCC