September 27, 2024

၂၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးအနေနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ ဂါဇာစစ်ပွဲစတင်ခဲ့ခြင်းနဲ့အတူ လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ အီရန်ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာအုပ်စုကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်တွေ ပြုလုပ်လျက် ရှိတာကြောင့် လက်ဘနွန်တောင်ပိုင်းမှာ သေဆုံးရသူပြည်သူ ၅၀၀ နီးပါးရှိသွားပြီလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူတွေလည်း ၁,၆၅၀ ဦးခန့်ရှိပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေး ၁၀၀ ခန့်ပါတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံမြောက်ပိုင်း လက်ဘနွန်နိုင်ငံနဲ့နယ်စပ်မှာတော့ အငယ်စားပစ်ခတ်တိုက်ခိုက်မှုတွေက နေ့စဉ်လိုဖြစ်ပွားလျက်ရှိပြီး ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်တွေရာနဲ့ချီလို့ နေ့စဉ် ပစ်လွှတ်နေတာပါ။ ဟစ်ဇ်ဘိုလာ အုပ်စုက သစ္စရေးတို့ရဲ့ ဂါဇာမှာရက်စက်ကြမ်းကြုတ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကိုတုံ့ပြန်ဖို့ ပါလက်စတိုင်းပြည်သူတို့နဲ့ တစ်သွေးတစ်သားတည်းရှိမယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေးတို့က ဟစ်ဇ်ဘိုလာအုပ်စုရဲ့ တပ်မှူးတစ်ဦးဖြစ်တဲ့ ဖော့ဒ်ရှုကို ဇူလိုင်လမှာ သတ်ဖြတ်လိုက်နိုင်တဲ့နောက်ပိုင်း ဩဂုတ်လအတွင်းမှာတော့ ဟစ်ဇ်ဘိုလာတို့က အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ် လက်တုံ့ပြန်လာတာပါ။ အစ္စရေးတို့က လက်ဘနွန်နိုင်ငံအတွင်း ဟစ်ဇ်ဘိုလာတို့ကိုင်ဆောင်တဲ့ Pager ခေါ် ရေဒီယိုသတင်းအသံဖမ်းစက်တွေနဲ့ လမ်းလျှောက်စကားပြောစက်တွေကို ပေါက်ကွဲအောင်ပြုလုပ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ သေကြေခဲ့ရပြီးချိန်မှာတော့ စက်တင်ဘာလ ၂၂ ရက်ကဆိုရင် ဟစ်ဇ်ဘိုလာတို့က ဒုံးကျည် ၁၀၀ ကျော် အစ္စရေးနိုင်ငံသို့ပစ်ခတ်ကာ အစ္စရေးနဲ့ စစ်ပွဲဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။ လက်ဘနွန်အစိုးရကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေကြောင့် အစ္စရေးအစိုးရနဲ့အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ကို အပြစ်တင်ပြောကြားခဲ့ပါတယ်။

အစ္စရေးကလည်း သူ့နိုင်ငံမြောက်ပိုင်းကို တိုက်ခိုက်နေမှုတွေရပ်တန့်စေဖို့နဲ့ နိုင်ငံသားတွေ သူတို့အိမ်သူတို့ ပြန်လာနိုင်ကြဖို့ ဘက်စုံစစ်ပွဲတစ်ခုကို ဆင်နွှဲဖို့က တစ်ခုတည်းသောနည်းလမ်းလို့ ပြောခဲ့ပါတယ်။

အစ္စရေးစစ်ဖက်ကလည်း အခုဆိုရင် လက်ဘနွန်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ဟစ်ဇ်ဘိုလာတို့ရဲ့ လက်နက်သိုလှောင်ရာနေရာတွေကို လေကြောင်းမှတိုက်ခိုက်သွားမယ် ဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် နေတန် ရာဟုကလည်း ရှုပ်ထွေးလှတဲ့နေ့ရက်တွေ ကျရောက်လာတော့မှာဖြစ်တယ်လို့ ခန့်မှန်းခဲ့ပြီး အစ္စရေးရဲ့ မူဝါဒက ခြိမ်းခြောက်လာမှုကို စောင့်ဆိုင်းနေမှာမဟုတ်ဘဲ အရင်တိုက်ခိုက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကလည်း အစ္စရေးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို စစ်ပွဲလုံး ဝ ဖြစ်ပွားရာနယ်မြေတစ်ခုဖြစ်လာစေဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဂူတာရီးစ် ကတော့ အခြေအနေကို သံတမန်နည်းလမ်းအရဖြေရှင်းကြဖို့ ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ဂါဇာစစ်ပွဲဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသက အစ္စရေး- ဟစ်ဇ်ဘိုလာစစ်ပွဲ ဖြစ်ပွားမှုနဲ့အတူ တင်းမာမှုတွေ ပိုလို့မြင့်တက်လာနေပါတယ်။

Ref-The Hindustan

Leave a Reply

Your email address will not be published. Required fields are marked *