MT News
Written by Nay Aung
ထိုင်း စွမ်းအင်ကုမ္မဏီဖြစ်သော PTT ၏ လက်အောက်ခံကုမ္မဏီတစ်ခုဖြစ်သော PTTOR သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် Bright Energyကုမ္ပဏီတွင်ပါဝင်ပြီး လုပ်ငန်းများလုပ်ကိုင်မှုကို ဆိုင်းငံ့လိုက်ကြောင်းသိရသည်။
ကမ္ဘာအကြီးဆုံးနော်ဝေရန်ပုံငွေအဖွဲ့က ထိုင်းအခြေစိုက် PTT နှင့် PTTOR တို့ကို တပ်အုပ်စုနှင့် ဆက်သွယ်ကာ လူအခွင့်ရေးချိုးဖောက်မှုများရှိနေသည်ဆိုကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်စာရင်းမှ ဖယ်ရှားလိုက်ပြီးနောက် PTTOR က မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန်စီစဉ်ထားသော စီမံကိန်းများကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
PTTOR သည် ၂၀၁၉ခုနှစ်တွင် မြန်မာ စီးပွားရေးလုပ်ငန်းစု ကမ္ဘောဇနှင့် ပူးပေါင်းပြီး Bright Energy ကုမ္မဏီကိုတည်ထောင်ခဲ့ပြီးအဆိုပါ Bright Energy တွင် ထိုင်း PTTORက ရှယ်ယာ ၃၅ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်းသိရသည်။
Bright Energy သည် ရန်ကုန်မြို့အနီးတွင် ရေနံသိုလှောင်ရုံတည်ဆောက်နေပြီး မြန်မာနိုင်ငံတွင်အကြီးမားဆုံးရေနံသိုလှောင်ရုံဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။
PTTORက ၎င်းတို့အနေဖြင့် မြန်မာစီးပွားရေးလုပ်ငန်းစုနှင့် အကျိူးတူ ပူးပေါင်းဆောင်ရွက်နေသည့် Bright Energy ၏ လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ငွေပေးချေမှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
PTT ၏ လက်အောက်ခံကုမ္မဏီတစ်ခုဖြစ်သော ရေနံထုတ်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်နေသည့် PTTEP သည်မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်နေပြီး ရေနံများကို ထိုင်းနိုင်ငံသို့ တစ်ဆင့်ပြန်လည်လွှဲပြောင်းပေးနေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဓာတ်ငွေ့သည် ထိုင်းနိုင်ငံရှိ ဓာတ်ငွေ့သုံးစွဲမှုအားလုံး၏ ၁၅ရာခိုင်နှုန်းဖြစ်ကြောင်း၊ PTTEP သည် မြန်မာ့ရေနံ နှင့် ဓာတ်ငွေ့လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်ပြီး ရရှိသည့် ရေနံ၊ ဓာတ်ငွေ့များကို မိခင်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးမှုများရှိနေကြောင်း သိရသည်။
ထို့အတူ ပြင်သစ်အခြေစိုက် Total Energies သည် ရတနာ ဓါတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွင်ပါဝင်လုပ်ကိုင်မှုများ ပြန်ရုတ်သိမ်းသွားခဲ့ပြီးနောက် PTTEP က အဆိုပါဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းရှိ ရှယ်ယာများကိုလွှဲပြောင်းရယူမည်ဟု ကြေညာခဲ့ဖူးသည်။ ထို့အပြင် PTTEP က မြန်မာနိုင်ငံရှိ ရဲတံခွန်ဓာတ်ငွေ့လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်မှုများကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ဧပြီလတွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။
ref- pattayamail