၂၉. ၈. ၂၀၂၄
Written by Nay Moe
ရှမ်း-မန်းစစ်ဆင်ရေးအတွင်း သေဆုံးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက ဒုတပ်ရင်းမှူးရဲ့ အသုဘကိုမနေ့က ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက ဒုတပ်ရင်းမှူး ရဲဘော်စံသိန်း (ခ) ဆရာစံဟာ သြဂုတ် ၂၆ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်း၊ ကွင်း ၅၀၀ တိုက်ပွဲမှာ ကျည်ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။
ရဲဘော်စံသိန်းရဲ့ အသုဘကို ဘယ်နေရာမှာ ကျင်းပတယ်လို့ ဖော်ပြထားမှုမရှိသလို နာရေးကားမှာလည်း အလှူရှင်ကမ္ဗည်းစာတန်းဖျက်ထားပေမဲ့ PDF တပ်ဖွဲ့ဝင်တချို့က လူမှုကွန်ရက်မှာ ရေးသားမှုအရ ရဲဘော်စံသိန်းရဲ့ မွေးရပ်မြေမှာ ဂူသွင်းခဲ့တာလို့ သိရသလို အသုဘအခေါင်းထမ်းလာတဲ့ နာရေးပို့ဆောင်သူတစ်ဦးကလည်း စစ်ကိုင်းမြို့နယ် တောင်ရင်းရွာက သင်္ဂဟနာရေးကူညီမှုအသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တောင်ရင်းရွာဟာ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ မင်းကွန်းတောင်ရိုးအနောက်ဘက်ခြမ်းက ရွာလို့လည်းသိရပြီး PDF ထောက်ခံမှုအားကောင်းတာကြောင့် စစ်ကြောင်းဝင်ရောက် စီးနင်းခံရဖူးတဲ့ရွာလည်းဖြစ်ပါတယ်။
ရှမ်း – မန်း စစ်ဆင်ရေးဟာ NUG ဩဇာခံ မန္တလေး PDF တွေက ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ကို ဖော်ဆောင်နေတဲ့ တရုတ်ကိုးကန့် MNDAA အမိန့်အတိုင်း မန္တလေးတိုင်းမှာလုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်သလို မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက PDF တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း ၂၀ လောက် ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။