၂၆. ၁၂. ၂၀၂၂
Written by Nay Aung
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဖာမောင်ဒေသ စစ်တပ်သည် မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံထဲသို့ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သော လက်နက်ကိုင် အုပ်စုနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးများထည့်ထားသော အိတ်နှစ်အိတ်ကို သိမ်ဆည်းရမိခဲ့ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ပြောသည်။
မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသောအုပ်စုသည် မြန်မာဘက်ခြမ်းမှ ထိုင်းနိုင်ငံ ချင်းမိုင် Mae Ai ဒေသသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသောအုပ်စုကို စစ်ဆေးရန် တောင်းဆိုချိန်အတွင်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာဘက်ခြမ်းမှ မူးယစ်ဆေးဝါးများကို ကျောပိုးအိတ်များဖြင့် သယ်ဆောင်လာသော သံသယရှိသူ လူ ၇ ဦးသည် ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းတို့ကို စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းချိန်တွင် ပါလာသော သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းသူများထွက်ပြေးသွားခဲ့ပြီး ၎င်းတို့နှင့်အတူ ပါလာသော မူးယစ်ဆေးဝါးများထည့်ထားသောကျောပိုးအိတ်များကျန်ခဲ့ကြောင်း၊ ချင်းမိုင် ဒေသ စစ်တပ်က ဆိုသည်။
မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်လာသူများ ထွက်ပြေးခဲ့ပြီးနောက် ရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ မူးယစ်ဆေးဝါးထည့်ထားသောကျောပိုးအိတ်နှစ်လုံးနှင့် သေနတ်တစ်လက်ကိုတွေ့ရှိခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့၏ ရဲမှူး Sor.Phor.Tor.ကဆိုသည်။
ယခုလအစောပိုင်းတုန်းကလည်း ထိုင်း နယ်ခြားစောင့် ကင်းလှည့်တပ်ဖွဲ့၊ ထိုင်းစစ်တပ်တို့နှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးတရားမဝင် မှောင်ခိုတင်ပိုရန်ကြိုးပမ်းခဲ့သူ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးထည့်ထားသော ကျောပိုးအိတ်များဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ထိုင်းစစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရတာမျိုးမရှိကြောင်း ပြောဆိုသော်လည်း မူးယစ်ဆေးဝါးတင်သွင်းရန်ကြိုးပမ်းသည့်အဖွဲ့မှ သေဆုံးဒဏ်ရာရခြင်းကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းသိရသည်။
Ref mrgonline