၂၁.၈.၂၀၂၄
Written by Hey Mar
မိုးကုတ်နဲ့ လားရှိုးက စစ်ဘေးရှောင်တချို့ကြောင့်ရန်ကုန် တိုင်းအတွင်း မြောက်ဒဂုံနဲ့ အရှေ့ဒဂုံဘက်က အိမ်ခြံမြေတွေ အဝယ်လိုက်နေတယ်ဆိုတဲ့သတင်းပျံ့နှံ့ကာ လက်ရှိပေါက်ဈေးထက် သိန်းလေးငါးရာ ဈေးမြင့်တက် စျေးခေါ်တာတွေ ရှိလာတယ်လို့ အိမ်ခြံမြေ ဝါရင့်အကျိုးဆောင်တချို့ထံကနေ စုံစမ်းသိရပါတယ်။
အခုလက်ရှိ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မြောက်ဒဂုံမြို့နယ်အတွင်း အမြန်ဝယ်လိုတဲ့ ဝယ်လက်တွေရှိလို့ ဆက်သွယ်ပေးပါဆိုပြီး အိမ်ခြံမြေအကျိုးဆောင်တွေက ကြော်ငြာလာတဲ့ ကြော်ငြာ သုံးလေးခုမက တွေ့ရှိနေရပြီး ဒဂုံလေးမြို့နယ် အမြန်ရောင်းချင်သူများ ဆက်သွယ်ပါဆိုတဲ့ ကြော်ငြာတွေလည်း နိုင်ငံပိုင်သတင်းစာမှာကို မကြာခဏကြောငြာ တွေ့ရှိလာရပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူကတော့ ဝယ်လက်တကယ်လိုက်နေတာထက် အချက်အလက် စုဆောင်းချင်လို့ ပွဲစားတွေက အခုလို လုပ်တာလည်း ဖြစ်နိုင်ကြောင်း သူ့အမြင်ကို သုံးသပ်ပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးသန်းထွန်းက “အဝယ်ထက် အငှားများနေတာတော့ အမှန်။ အဝယ်ကတော့ အခုက သိန်းတစ်ထောင်အောက်တွေ အရောင်းအဝယ်ဖြစ်တယ်ကြားတယ်။ အဲ့ဒီဈေးဆို မြောက်ဒဂုံကတိုက်ခန်းတွေပဲ ရနိုင်မယ်။ မြောက်ဒဂုံက အရောင်းအဝယ်အေးနေတာနည်းနည်းကြာပြီ။ အခု ပြန်လှုပ်အောင် လုပ်နေတာထက် ပွဲစားတွေ အခြေအနေကို အသုံးချ အချက်အလက်စုနေတာလို့ ယူဆရပါတယ် “လို့ MT News ကို ပြောပါတယ်။
အရှေ့ဒဂုံဘက်နဲ့ တောင်ဒဂုံမြို့နယ်တွေမှာတော့ အသင့်တက်ရောက်နေထိုင်လို့ရတဲ့ သိန်း တစ်ထောင်ပတ်ချာလည် အိမ်ခြံမြေတွေကို ရှာဖွေဝယ်ယူကြတာ၊ နှစ်ဦးပိုင် သုံးဦးပိုင် အစုအစပ်ဝယ်ယူကြတာမျိုးတွေနဲ့ အရောင်းအဝယ်ဖြစ်နေပြီး အများစုက မိုးကုတ်နဲ့ လားရှိုးကနေ ပြောင်းရွှေ့နေထိုင်ကြသူတွေလို့ အိမ်ခြံမြေ အကျိုးဆောင်တချို့က ဆိုပါတယ်။
“ဝယ်လက်တွေက ကျွန်တော်တို့ဆီကနေ လိုချင်တာက အိမ်ပါမယ်၊ ရေမီးပါမယ်၊ အိမ်က စုတ်နေရင်တောင် နေဖြစ်တယ်ဆိုရင် သူတို့ဝယ်တယ်။ အိမ်ထောင်စု နှစ်စု သုံးစု စုနေတာမျိုးတွေ တွေ့ရတယ်။ အခု ရက်ပိုင်းလည်း ဝယ်လက်က လာနေတုန်းပဲ။ ဒါပေမဲ့ လက်ထဲအပ်ထားသူပိုင်ရှင်တွေက ဈေးကို ပြင်လာတာမျိုးရှိတယ်။ အိမ်ငှားပိုင်ရှင်တွေဆို ပိုဆိုးပါတယ်။ အရင် နှစ်သိန်းတောင်မရတဲ့ အိမ်တွေက လေးသိန်း ငါးသိန်းတွေ ခေါ်လာတယ်။ ဒါမျိုးတွေတော့ မလုပ်စေချင်ဘူး။ ဘယ်သူကမှ ကိုယ့်နေရပ်စွန့်ခွာပြီး ဒီလိုနေရာမှာ လာနေချင်မှာ မဟုတ်ပါဘူး။ ဒီအချိန်က ဈေးကွက်ပေါ်လစီကို ချိန်ဆ ကစားတာထက် စာနာထောက်ထားမှုနဲ့ မျှတစေချင်ပါတယ် ” လို့အရှေ့ဒဂုံ အိမ်ခြံမြေအကျိုးဆောင် ကိုဇေယျာက MT News ကို ပြောပါတယ်။