၁၈.၈.၂၀၂၄
Written By Zun
အရန်ဆန်အဖြစ် ပေါ်ဆန်းဆန်လည်း ပါဝင်လာမည်ဖြစ်ပြီး အိတ်ရေ တစ်သန်းထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ၏ တာဝန်ရှိသူက MT News ကို သြဂုတ်လ ၁၈ ရက်က ပြောသည်။
ယင်းဆန်အိတ်များမှာ အလေးချိန် ၁၀၈ ပေါင်ရှိပြီး ယခုနှစ်အတွင်း၌ပင် ဧည့်မထဆန်အပြင် ပေါ်ဆန်းဆန် ဆန်အိတ် ၅ သိန်းမှ ၁ သန်းထိ တိုးမြှင့်သိုလှောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ ဈေးကွက်တည်ငြိမ်စေရေးနှင့် ဝင်ငွေနည်း အိမ်ထောင်စုများထံ ရောင်းချပေးနိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။
“လာမယ့်စပါးရာသီမှာ ပေါ်ဆန်းကိုပါ အရန်ဆန် အဖြစ်ထားရှိနိုင်ဖို့ စီစဉ်နေပါတယ်။ ဆန်ကို တိုးမြှင့်သိုလှောင် တာက ဈေးကွက်မတည်မငြိမ်ဖြစ်မှုကို လျှော့ချဖို့ ဖြစ်ပြီးတော့ စားသုံးသူတွေ၊ အထူးသဖြင့် ဝင်ငွေနည်းအိမ် ထောင်စုတွေ အဆင်ပြေစေဖို့ အကောင်အထည်ဖော်တာဖြစ်ပါတယ်။ အရန်ဆန်အတွက် ဆန်စပါးအသင်းချုပ်က ဝယ်ပြီး ထားမယ်။ ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကစက်မှုဇုန်အလုပ်သမားတွေကို ပြန်ပြီးတော့ရောင်းပေးတာ လုပ်ပါ မယ်။လက်ရှိမှာတော့ ဧည့်မထကတော့ လုံလုံလောက်လောက်နဲ့ ဖြန့်ဖြူးပေးနေပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MT News ကို ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တို့အနေဖြင့် အရန်ဆန်ထားရှိမှုမဟာဗျူဟာအစီအစဉ်တွင် ပို့ကုန်တစ်တန်လျှင် ဆန် တစ်အိတ်မှ ၃ အိတ်ထိ ထားခြင်း ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း လစဉ် ဆန်ဈေးနှုန်းများထုတ်ပြန်ထားပြီး ပြည်တွင်း ကုန်သည်များ၊ ဆန်စက်များနှင့် ဆန်အရောင်းဆိုင်များအနေဖြင့်လည်း သတ်မှတ်ဈေးနှုန်းသတိပေးချက်များကို လိုက်နာရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားကြောင်း သိရသည်။