၁၉.၆.၂၀၂၄
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့သို့ ဟာ့ဂျ်ဝတ်ပြုခရီးစဥ် လာရောက်ကြသော အစ္စလာမ်ဘာသာဝင်များအနက် အနည်းဆုံး ၅၅၀ မှာ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် ကျော်သည်အထိ ခြစ်ခြစ်တောက်ပူပြင်းသော ရာသီဥတုကြောင့် ၂၀၂၄ ခုနှစ် ဟာ့ဂျ်ဝတ်ပြုခရီးစဥ်အတွင်း သေဆုံးခဲ့ကြရကြောင်း ဆော်ဒီအာရေဗျနိုင်ငံတာဝန်ရှိသူများက ပြောခဲ့ကြသည်။
သေဆုံးသူများအနက် အနည်းဆုံး ၃၂၃ ဦးမှာ အီဂျစ်နိုင်ငံသားများဖြစ်ကြကာ အပူဒဏ်ကြောင့် နေထိုင်မကောင်းဖြစ်သည့်ဒဏ်ကိုမခံနိုင်ဘဲ သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံသားအားလုံးက အပူလွန်ကဲမှုကိုမခံနိုင်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်ဦးသာလျှင် လူအုပ်ကြီးအတွင်း နင်းမိမှုများကြောင့် ဒဏ်ရာရသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသေဆုံးသူအရေအတွက်ကို မက္ကာမြို့၊ Al- Muaisem အရပ်ရှိ ဆေးရုံရင်ခွဲရုံမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သေဆုံးသူများတွင် ဂျော်ဒန်နိုင်ငံသားအနည်းဆုံး ၆၀ ဦးပါဝင်ကာ အင်ဒိုနီးရှား၊ အီရန်နှင့် ဆီနီဂေါလ် နိုင်ငံသားများလည်း ပါဝင်ကြသည်ဟုဆိုသည်။
မက္ကာမြို့အတွင်းရှိ Grand Mosque ဗလီကြီးတွင် ဇွန်လ ၁၇ ရက်ကဆိုလျှင် အပူချိန် ၅၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်အထိမြင့်တက်ခဲ့သည်။ အချို့ဝတ်ပြုဆုတောင်းသူများဆိုလျှင် အပူဒဏ်မှသက်သာနိုင်ရန် ရေပုလင်းများကို ၎င်းတို့ခေါင်းများပေါ်မှလောင်းချနေကြပြီး စေတနာ့ဝန်ထမ်းကူညီသူများက အအေးများနှင့် လျင်မြန်စွာအရည်ပျော်နိုင်သော ချောကလက်ရေခဲမုန့်များလိုက်လံဝေငှနေသည်ကိုလည်း တွေ့ကြရသည်။
ဆော်ဒီအာရေဗျအစိုးရအရာရှိများက ဟာ့ဂျ်ဝတ်ပြုသူများအား အပူဒဏ်ခံနိုင်ရန် ထီးများအသုံးပြုကြရန်၊ ရေလုံလောက်စွာသောက်ကြရန်နှင့် နေ့လယ်ခင်း အပူချိန်အမြင့်ဆုံးအချိန်များ၌ နေရောင်တိုက်ရိုက်မထိစေရေး ရှောင်ရှားကြရန် အကြံပေးခဲ့သည်။
ယခုနှစ်၌ မက္ကာမြို့သို့ ဟာ့ဂျ်ဝတ်ပြုခရီးစဥ်လာရောက်သူ ၁ ဒသမ ၈ သန်းခန့်ရှိရာ ပြည်ပမှ ၁ ဒသမ ၆ သန်းခန့်လာရောက်ခဲ့ကြကြောင်း ဆော်ဒီအာဏာပိုင်များက ပြောခဲ့သည်။
Ref-The Guardian