၁၉.၆. ၂၀၂၄
Written by Shwe Phyo
ထိုင်း ပတ္တယားမြို့လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် ဇွန်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ နေထိုင်ပုန်းအောင်းနေသည့် နေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၆၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ချွန်ဘူရီပြည်နယ် ဘန်လာမန် ဒေသရှိ အမှတ် (၁၀)ကျေးရွာတွင် နိုင်ငံခြားသားများ တရားမဝင်နေထိုင်နေသည်ဆိုသောသတင်းကိုလက်ခံရရှိခဲ့ပြီးနောက် စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၆၈ ဦးကိုတွေ့ရှိဖမ်းဆီးခဲ့ကြောင်း ထိုင်းပတ္တယားမြို့လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိခဲ့သော မြန်မာနိုင်ငံသား ၆၈ ဦးတွင် အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၈ ဦးဖြစ်ပြီး တရားဝင်အသိအမှတ်ပြုအထောက်ထားများမရှိကြောင်း၊ ၎င်းတို့သည် ပတ္တယားမြို့ရှိ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ရန်လာရောက်သူများဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
အဆိုပါမြန်မာနိုင်ငံသားများသည် မဲဆောက်မြို့သို့ တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်လာခဲ့ပြီး မဲဆောက်မြို့မှတစ်ဆင့် ဘက်စ်ကားဖြင့် ပတ္တယားမြို့ကို လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထားသည်။ ထိုင်းအာဏာပိုင်များသည် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၆၈ ဦးကို အသေးစိတ်ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူများကိုမိခင်နိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက မိသားစုအတွက် ဝင်ငွေရရှိစေရန် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ အထောက်အထားမပါဘဲဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံပြောဆိုထားသည်။
ထို့အတူ ဇွန်လ ၁၈ ရက်တွင်ပင် ထိုင်းနိုင်ငံ ဆန်ခလာဘူရီပြည်နယ်တွင်လည်း မြန်မာနိုင်ငံသား ၅၆ ဦးဖမ်းမိခဲ့၍ တစ်နေ့တာအတွင်း တရားမဝင်မြန်မာနိုင်ငံသား ၁၂၄ ဦး ဖမ်းမိခဲ့သည်။
REF naewna