◾ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် စင်မြင့်ပေါ်၌ စိတ်ရှုပ်ထွေး ကြက်သေသေနေသောအဖြစ်ကြောင့် သမ္မတဟောင်း အိုဘားမားက စင်မြင့်ပေါ်မှလက်ဆွဲခေါ်သွားရ
၁၉.၆.၂၀၂၄
translated by Htwe Ko Tun
အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ့်မြို့ရှိ Peacock ကဇာတ်ရုံမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီမိုကရက်သမ္မတဟောင်း ဘာရက်အိုဘားမားနဲ့အတူ ရွေးကောက်ပွဲအတွက် ရန်ပုံငွေပွဲတစ်ရပ်ကို ဇွန်လ ၁၅ ရက် က ကျင်းပစဥ်မှာ သမ္မတအနေနဲ့ စိတ်မတည်မငြိမ်ရှုပ်ထွေးကာ စင်မြင့်ပေါ် မှာ ကြက်သေသေနေတဲ့အဖြစ်ကြောင့် သမ္မတဟောင်း အိုဘားမားက သူ့ကို လက်ဆွဲကာ စင်မြင့်ပေါ် ကနေ ခေါ်ချသွားရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ဒီရန်ပုံငွေပွဲမှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ အိုဘားမားတို့က အမေရိကန်ရုပ်သံအစီအစဥ်မှူး ဂျင်မီ ကန်မယ်လ်နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့တာပါ။ တွေ့ဆုံမေးမြန်းပွဲအပြီး ပရိသတ်က လက်ခုပ်တီးသြဘာပေးနေစဥ်မှာ ဂျိုးဘိုင်ဒန်ဟာ ပရိသတ်ကိုစိုက်ကြည့်ကာ စက္ကန့်အတော်ကြာ ကြက်သေသေနေခဲ့ပါတယ်။ ဒီမှာ ပရိသတ်ကို လက်မြှောက်ပြီး ပြန်လည်နှုတ်ဆက်နေတဲ့ ဘေးမှာရပ်နေတဲ့ အိုဘားမားဟာ သမ္မတရဲ့အမူအရာကြောင့် သမ္မတရဲ့လက်ကောက်ဝတ်ကိုဆွဲကာပြုံးရယ်ပြီး စင်မြင့်နောက်ကို ခေါ်သွားခဲ့ရပါတယ်။
ဒီအဖြစ်က ဗီဒီယိုရိုက်ကူးချက်နဲ့အတူ အွန်လိုင်းပေါ်ရောက်ရှိလာချိန်မှာတော့ သမ္မတရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လူမှုကွန်ရက်မှာ ဝေဖန်ပြောကြားမှုတွေ ထွက်ပေါ်လာခဲ့ရပါတယ်။
ပထမဆုံးဝေဖန်ချက်တစ်ရပ်အနေနဲ့ ဗြိတိန်အသံလွှင့်အစီအစဥ်မှူးဖြစ်တဲ့ Piers Morgan က တကယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒီမိုကရက်တွေအနေနဲ့ ဒါမျိုးဆက်ဖြစ်နေမှာ ခွင့်မပြုသင့်တော့ဘူးလို့ လူမှုကွန်ရက် X မှာ ပြောခဲ့ပါတယ်။
နောက်တစ်ဦးကလည်း ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ယူဖို့ လုံးဝမသင့်တော်တော့ပါဘူးလို့ ဆိုခဲ့ပါတယ်။ ဒီမှာ သမ္မတဘက်က ရပ်တည်ကာကွယ်ပြောတဲ့သူတွေကိုလည်း လူမှုကွန်ရက်မှာတွေ့ရပါတယ်။
ဒါပေမယ့် ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဦးမယ်ပြောပြီးချိန်မှာကို သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလေးတွေနဲ့ ပတ်သက်လို့ အားမလို အားမရဖြစ်စရာတွေက အခုတစ်ခါလိုပဲ ခဏခဏဖြစ်ခဲ့ရတာကြောင့် ဝေဖန်မှုတွေလည်း ရင်ဆိုင်ခဲ့ရတာပါ။ သမ္မတအနေနဲ့ကင်မရာတွေရှေ့မှာ စိတ်ရှုပ်ထွေးကမောက်ကမဖြစ်ရတာတွေက ဒါက ပထမအကြိမ်လည်း မဟုတ်တော့ပါဘူး။
မနှစ်ကလည်း ကလေးတွေနဲ့အိမ်ဖြူတော်မှာတွေ့စဥ် သမ္မတက သူနောက်ဆုံးသွားခဲ့တဲ့ နိုင်ငံကို စဥ်းစားမရဖြစ်နေခဲ့တာကြောင့် ကလေးတစ်ယောက်က ဝင်ထောက်ပေးရတဲ့ဗီဒီယိုက အွန်လိုင်းမှာ ပျံ့နှံခဲ့ရပါသေးတယ်။ ဒီမိုကရက်တွေအပါအဝင်အမေရိကန်နိုင်ငံသားအများအပြားကလည်း သူ့ကို ဒုတိယသမ္မတ သက်တမ်းတာဝန်ယူမယ့်အပေါ် စိုးရိမ်ကြပါတယ်။
ပြီးခဲ့တဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာလည်း တခြားခေါင်းဆောင်တွေနဲ့အတူ အုပ်စုလိုက် အမှတ်တရဓာတ်ပုံရိုက်ဖို့ အီတလီဝန်ကြီးချုပ် မိလိုနီက သမ္မတဂျိုးဘိုင်ဒန်ကို အသာကူညီဖေးမပြီး ခေါ်သွားခဲ့ရတာ မြင်ကြရပြန်ပါတယ်။
ဒါ့အပြင်လည်း စက်ဘီးစီးရင်းလဲကျတာ၊ လေယာဥ်ပေါ်အတက်ချော်ကျတာ၊ စကားတွေမှားပြောတာတွေလည်း မကြာခဏကြုံကြရပြီး အရွယ်လွန်သက်ကြားအိုတစ်ယောက်ရဲ့ သူငယ်ပြန်သတိမေ့လျော့မှုလက္ခဏာတွေ ဇရာဖိစီးနေတာကလည်း သိသာတဲ့လက္ခဏာတွေ ဆက်တိုက်မြင်ခဲ့ရတာပါ။
ဒါပေမယ့် အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတဖြစ်တဲ့ ဂျိုးဘိုင်ဒန်(၈၁ နှစ်) ကတော့ သမ္မတ ဒုထိယသက်တမ်းအတွက် သူ့အနေနဲ့သင့်တော်သေးတယ်လို့ အလျှော့မပေး ပြောကြားနေတုန်းပါ။
Ref- mint