၁၈.၆. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီပြည်နယ်၊ ခလောင်ဆောင် အရပ်ဒေသရှိ အမှတ် (၁၃) ကျေးရွာအနီး ရေကန်ထဲတွင် လူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းကို ဇွန်လ ၁၇ ရက်က လက်ခံရရှိခဲ့ပြီးနောက် ခါလောင်လူအမ် ရဲစခန်းမှတာဝန်ရှိသူများနှင့်မူခင်းဆရာဝန်များသည် အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ရာ အသက် ၄၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားစောကြည်လွင်ဆိုသူကို ရေနစ်သေဆုံးလျက်သား တွေ့မြင်ခဲ့ကြောင်း သိရသည်။
စောကြည်လွင်သည် ယမန်နေ့က ရေကန်ထဲ ငါးဆင်းဖမ်းရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါရေကန်က အနက် ၁၈ ပေရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သေဆုံးခဲ့သော စောကြည်လွင်၏ သူငယ်ချင်းဖြစ်သူက ၎င်းနှင့်စောကြည်လွင်တို့သည် ရေကန်ထဲတွင် ငါးဖမ်းရန်လာရောက်ခဲ့ကြောင်း၊ စောကြည်လွင်က ကန်ထဲတွင် ငါးများဖမ်းခဲ့ပြီးနောက် ရေကန်အတွင်း ရှေ့ဆက်မသွားရန် တားမြစ်ထားသောနေရာကို ကျော်လွန်မသွားရန် တားမြစ်မှုလက်မခံဘဲ ရှေ့ ဆက်သွားရာမှ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထို့ပြင် သူငယ်ချင်းဖြစ်သူက ၎င်းသည် ရေနစ်နေသော စောကြည်လွင်ကို ကူညီပေးရန် သွားရောက်ခဲ့သော်လည်း အန္တရာယ်ရှိမည်စိုးသည့်အတွက် တားမြစ်နေရာကို ကျော်လွန်၍ ထပ်မံမသွားရောက်ရဲဘဲ အကူအညီသာ တောင်းခံခဲ့ရကြောင်း ထပ်မံပြောဆိုခဲ့သည်။
ထိုင်း Ruamkatanyu Foundation မှ ကယ်ဆယ်ရေးသမားများသည် ရေကန်ထဲရေနစ်သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏ရုပ်အလောင်းကို ပြန်လည်ရှာဖွေပြီး ကုန်းပေါ်ကိုတင်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများသည် သေဆုံးခဲ့သော စောကြည်လွင်၏ရုပ်အလောင်းကို ထိုင်း Thammasat ဆေးရုံသို့ တင်ပို့ကာ ခွဲစိတ်စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
REF naewna