၁၈.၆. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ ဆမ်ခလာဘူရီ ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသား ၅၆ ဦးကို ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆမ်ခလာဘူရီပြည်နယ်ရှိတောထဲတွင် ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်နေသော မြန်မာနိုင်ငံသားများရှိနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဆမ်ခဘူရီရဲစခန်းမှတာဝန်ရှိသူများ၊ ထိုင်းသစ်တောအဖွဲ့တာဝန်ရှိသူများ၊ နယ်စပ်ဒေသရဲတပ်ဖွဲ့တာဝန်ရှိသူများသည် သစ်တောအတွင်းကို စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၅၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် တောထဲတွင် ပုန်းအောင်းနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့်လာရောက်သူများဖြစ်ကြောင်း ဆမ်ခလာဘူရီရဲတပ်ဖွဲ့မှ ရဲမှူးကြီး Paitoon Sriwilai ကပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် တောထဲပုန်းနေသည့် မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ပြီးနောက် စာရွက်စာတမ်းများစစ်ဆေးခဲ့ရာ ၅၆ ဦးစလုံးတွင် အထောက်အထားအပြည့်အစုံပါရှိသော စာရွက်စာတမ်းများ မပါရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါမြန်မာနိုင်ငံသားများသည် ထိုင်းဘာသာစကားကိုပြောဆိုနိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့အားလုံးကို ဆမ်ခလာဘူရီရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် နယ်စပ်ဒေသတောလမ်းမှတစ်ဆင့် ဖြတ်သန်းလာခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအများစုက ရန်ကုန်၊ မော်လမြိုင်၊ မုဒုံ၊ ရေးမြို့ အပါအဝင် မြန်မာနိုင်ငံရှိမြို့အနှံ့မှဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးကို ထိုင်းဘတ် ၁၆၀၀၀ ပေးခဲ့ရကြောင်း၊ ပွဲစားက လမ်းပြများမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။
REF thailanddailynews.