၁၈.၆.၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၏ စစ်သင်္ဘောအစီး ၄၀ ခန့်ပါဝင်သော ပစိဖိတ်ရေတပ်ဖွဲ့စစ်ရေး လေ့ကျင့်မှုများပြုလုပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ရေးလေ့ကျင့်မှုများကို ပစိဖိတ်သမုဒ္ဒရာ၊ ဂျပန်ပင်လယ်နှင့် Okhotsk ပင်လယ်တို့တွင် ပြုလုပ်သွားမည်ဖြစ်ရာ စစ်သင်္ဘောများ၊ လေယာဉ်များနှင့် ရေတပ်ရဟတ်ယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း သတင်းများအရသိရသည်။
ပစိဖိတ်ရေတပ်ဖွဲ့မှထုတ်ပြန်သောကြေညာချက်တွင် အဆိုပါစစ်ရေးလေ့ကျင့်မှုကို ရေတပ်ဗိုလ်ချုပ်ကြီး ဗစ်တာလီးနား၏ ခေါင်းဆောင်မှုဖြင့် ပစိဖိတ်သမုဒ္ဒရာ၊ ဂျပန်ပင်လယ်နှင့် Okhotsk ပင်လယ်တို့တွင် ဇွန်လ ၁၈ ရက်မှ ဇွန်လ ၂၈ ရက်ထိပြုလုပ်သွားမည်ဖြစ်ပြီး ပစိဖိတ်ရေတပ်ဖွဲ့၏တပ်များကို လေ့ကျင့်ရေးပြုလုပ်ရန် သတ်မှတ်နေရာများသို့ နေရာယူတပ်ဖြန့်ထားပြီဖြစ်ကြောင်း ဇွန်လ ၁၇ ရက်က ဖော်ပြခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် မောင်းသူမဲ့လေယာဉ်များ၊ မောင်းသူမဲ့ရေယာဉ်များဖြင့် တိုက်ခိုက်မှုများအား တန်ပြန်တိုက် ခိုက်မှု၊ လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်မှုများ၊ ရေငုပ်သင်္ဘောတိုက်ခိုက်ရေး လက်တွေ့စစ်ဆင်လေ့ကျင့်မှုများ၊ ပင်လယ်ပြင်ခရီးလမ်းကြောင်းများအတွင်း ရေတပ်ဆွယ်များအားလုံး၏ ကာကွယ်ရေးပုံစံများကို စုစည်းလေ့ကျင့်မှုများနှင့် ရန်သူစစ် သင်္ဘောအုပ်စု ပုံစံအတုများကို ဒုံးကျည်ဖြင့် ပူးတွဲတိုက်ခိုက်မှုများပါ ပြုလုပ်သွားမည်ဟု သိရသည်။
ပစိဖိတ်ရေတပ်ဖွဲ့၏သတင်းထုတ်ပြန်မှုအရ ရေတပ်သင်္ဘောအစီး ၄၀ ခန့်၊ တာဝေးပျံသန်းနိုင်သော Tu-142MZ၊ Il-38 နှင့် Il-38N ရေငုပ်သင်္ဘောတိုက်ခိုက်ရေးလေယာဉ်များ အပါအဝင် လေယာဉ်အစီး ၂၀ ခန့်နှင့် ရေငုပ်သင်္ဘောတိုက်ခိုက်ရေး၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး ရဟတ်ယာဉ်များဖြစ်သည့် Ka-29 နှင့် Ka-27 ရဟတ်ယာဉ်များလည်း ပါဝင်မည်ဟု သိရသည်။ ထို့ပြင် စစ်ရေးလေ့ကျင့်မှုတွင် Bastion နှင့် Bal ကမ်းရိုးတန်းဒုံးကျည်တပ်ဖွဲ့များလည်း ပါဝင်သွားကြမည်ဟု ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။
Ref- RIA Novosti