◾ ရုရှားအစိုးရက တုံ့ပြန်မှုများကို အလျင်အမြန်ပြုလုပ်သွားမည်
၁၅.၆.၂၀၂၄
Translated by Htwe Ko Tun
ဂျီ-၇ အုပ်စုအနေနဲ့ သူတို့သိမ်းယူထားတဲ့ ရုရှားနိုင်ငံရဲ့ပစ္စည်းဥစ္စာတွေက ရရှိတဲ့အကျိုးအမြတ်တွေနဲ့ ယူကရိန်းကိုထောက်ပံ့မယ်လို့ဆုံးဖြတ်ခဲ့ကြတာ လုံးဝတရားမဝင်ဘူးလို့ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ် အနာတိုလီ အန်တိုနော့ဗ်က Telegram လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဂျီ-၇ အုပ်စုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေက အနောက်အုပ်စုထိန်းချုပ်ထားတဲ့ ရုရှားပိုင်ပစ္စည်းဥစ္စာနဲ့ ငွေကြေးတွေကနေ ရရှိတဲ့အကျိုးအမြတ်တွေနဲ့ ယူကရိန်းနိုင်ငံကို ၂၀၂၄ ခုနှစ်အကုန်ထိ ဒေါ်လာဘီလျံ ၅၀ ချေးငှားဖို့ ဂျီ-၇ အုပ်စုရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဇွန်လ ၁၃ ရက်က သဘောတူခဲ့ကြပါတယ်။
အန်တိုနော့ဗ်က “ဒီလုပ်ရပ်က တရားမဝင်တဲ့အပြင် နိုင်ငံရေးအရ ရည်ရွယ်ချက်သက်သက်နဲ့ပြုလုပ်တာပဲ။ စစ်မြေပြင်မှာသေကြေဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူထောင်ပေါင်းများစွာရဲ ကံကြမ္မာကိုထည့်မတွက်ဘဲ ဒုက္ခရောက် အကျပ် တွေ့နေတဲ့ ယူကရိန်းအစိုးရကို ထောက်ပံ့ဖို့သက်သက်ပြုလုပ်တာပဲ” လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် အန်တိုနော့ဗ်က ဂျီ-၇ အနေနဲ့ ယူကရိန်းအကျပ်အတည်းဆိုတဲ့ ချောက်ကြီးထဲကို ကျသထက်ကျလာနေပြီ။ ခေါင်းဆောင်တဲ့အနောက်နိုင်ငံတွေဆိုရင် ပြန်ထွက်လို့မရကြတော့ဘူးလို့ ပြောခဲ့ပါသေးတယ်။
အနောက်အုပ်စုက သိမ်းယူထားတဲ့ ရုရှားနိုင်ငံရဲ့ပစ္စည်းဥစ္စာတွေနဲ့ ငွေကြေးတွေက စုစုပေါင်းဒေါ်လာ ဘီလျံ ၃၀၀ ခန့်ရှိပြီး အမေရိကန်မှာ ငါးဘီလျံမှ ခြောက်ဘီလျံအထိရှိကာ အများစုက ဥရောပနိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားပိုင်ပစ္စည်းဥစ္စာတွေနဲ့ ယူကရိန်းကိုထောက်ပံ့ဖို့ သူ့ရဲ့အဆိုပြုချက်ကို ဥရောပနိုင်ငံတွေက လက်ခံဖို့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ ကြိုးစားခဲ့တာပါ။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မာရီယာ ဇာခါရိုဗာကလည်း အနောက်အုပ်စုနိုင်ငံတွေမှာရောက်နေတဲ့ ရုရှားပိုင် ပစ္စည်းဥစ္စာတွေကိုသိမ်းယူမှုအတွက် ရုရှားအစိုးရက တုံ့ပြန်မှုတွေကို အလျင်အမြန်ပြုလုပ်သွားမယ်လို့ပြောကြားခဲ့ပါသေးတယ်။
ဒီမှာ ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ RIA Novosti က ရုရှားနိုင်ငံရဲ့ ပစ္စည်းဥစ္စာတွေကို ဂျီ-၇ အုပ်စုက ခုလိုသိမ်းယူမှုဟာ သူတို့အတွက် ဒေါ်လာ ၈၃ ဘီလျံခန့်ပြန်လည်နစ်နာစေနိုင်တယ်လို့ သတင်းတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။ ဒါက ရုရှားနိုင်ငံမှာ ဂျီ-၇ နိုင်ငံတွေက ၂၀၂၂ ခုနှစ်အကုန်အထိ စာရင်းအရ ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၈ ဘီလျံဖိုးရှိနေခြင်းကို ရည်ညွှန်းပြောကြားလိုက်ခြင်းပါပဲ။
ရုရှားအစိုးရအနေနဲ့ ဂျီ-၇ အုပ်စုရဲ့လုပ်ဆောင်မှုကို ဘယ်လိုတုံ့ပြန်မလဲ မပြောသေးပေမယ့် ရုရှားနိုင်ငံတွင်း ဂျီ-၇ အုပ်စုရဲ့ ရင်းနှီးမြုပ်နှံမှုနေတွေကို အန္တရာယ်ပြုလာလေမလား စိုးရိမ်ဖွယ်ရာတစ်ခုဖြစ်နေရပါတယ်။
Ref,Tass, RIA Novosti