◼️ အပြာမင်းသမီးက ထရန့်နှင့် လိင်ဆက်ဆံဖူးသည်ဟုဆိုသော်လည်း ထရန့်က ငြင်းဆို
၃၁.၅.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တရားရုံးတရားသူကြီးအဖွဲ့ဝင်များက အမေရိကန်နိုင်ငံ၏ သမ္မတဟောင်းတစ်ဦးဖြစ်သည့် ဒေါ်နယ်ထရန့်အား ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တရားမဝင်ဩဇာလွှမ်းမိုးမှုရှိရန်အကြံဖြင့် နှုတ်ပိတ်ခ ပေးခဲ့မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်း မေလ ၃၀ ရက်က ဆုံးဖြတ်ခဲ့ပြီး ဇွန်လ ၁၁ ရက်တွင် စီရင်ချက်ချမှတ်မည်ဟု အမိန့်ချမှတ်ခဲ့သည်။
တရားရုံးမှထွက်ခွာလာခဲ့ပြီးသည့်နောက်တွင်မူ မကျေမနပ်စိတ်ဆိုးလျက်ရှိသော ထရန့်က “ဒီဆုံးဖြတ်ချက်က အကွက်ဆင် အကြံအဖန်လုပ်ထားတာသပ်သပ်ဖြစ်ပြီး အင်မတန်ကို ရှက်ဖို့ကောင်းပါတယ်၊ တကယ့်စီရင်ချက်အစစ်အမှန်ကို ပြည်သူတွေကိုယ်တိုင် မဲပေးဆုံးဖြတ်မယ့် နိုဝင်ဘာလ ၅ ရက်မှာ တွေ့ ကြရမှာပါ ” ဟု သတင်းထောက်များကိုပြောခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ထိုအမှုက အမေရိကန်သမ္မတဟောင်းတစ်ဦးအား ရာဇဝတ်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်းပထမဆုံး ဆုံးဖြတ်သည့်အမှုလည်းဖြစ်ခဲ့သည်။
ဥပဒေကျွမ်းကျင်သူများကမူ ဇွန်လ ၁၁ ရက်တွင် အမှုကိုစီရင်ချက်ချသည့်အခါ အများဆုံးပြစ်ဒဏ် လေးနှစ်အထိပေးနိုင်ကြောင်း၊ သို့သော် သမ္မတဟောင်းတစ်ဦးလည်းဖြစ်ကာ လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် သမ္မတလောင်းတစ်ဦးလည်းဖြစ်သည့်အပြင် အသက်အရွယ်ကြောင့်လည်း ဒေါ်နယ်ထရန့်အနေဖြင့် ဒဏ်ငွေပေးဆောင်မှုက ပို၍ဖြစ်နိုင်ဖွယ်ရှိ သော အပြစ်ဒဏ်ဟု ယူဆကြောင်းပြောခဲ့ကြသည်။
အဆိုပါ အမှုကို ရက်သတ္တပတ်ခြောက်ပတ်ကြာ တရားရုံးကြားနာမှုအတွင်း တရားလိုသက်သေ ၂၂ ဦးက တရားရုံး၌ထွက်ဆိုချက်များပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ထဲတွင် အမေရိကန်အပြာကား ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာနှင့် ဝတ်လစ်စလစ် ကပြဖျော်ဖြေသူအဟောင်းတစ်ဦးလည်းဖြစ်သည့် အသက် ၄၅ နှစ်ရှိ စတော်မီ ဒန်နီယယ်လ်က သူမနှင့် ထရန့်တို့ လိင်ဆက်ဆံမှုများပြုခဲ့ကြဖူးကြောင်း၊ သို့သော် ၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ ထရန့်က ထိုကိစ္စနှင့်ပတ်သက်၍ ထုတ်ဖော်မပြောရန် နှုတ်ပိတ်ခပေးခဲ့ကြောင်း ထွက်ဆိုခဲ့ရာ အမှု၏အရေးအကြီးဆုံးထွက်ဆိုသူတစ်ဦးလည်းဖြစ်ခဲ့ရသည်။ သို့သော် ထရန့်က ထိုပြောဆိုချက်မမှန်ကန်ဟု ငြင်းဆိုသွားခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတလောင်းများအနေနှင့် ရာဇဝတ်မှုမှတ်တမ်းများရှိပါက ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းမပြုရဟု တားမြစ်ထားချက်များလည်းမပါရှိရာ ထရန့်အနေနှင့် သမ္မတရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မှုကိုလည်း ဆက်လက်ပြုလုပ်သွားနိုင်လိမ့်မည်ဖြစ်သည်။ တရားစွဲဆိုချက်များနှင့်နောက်ဆုံးပြစ်ဒဏ်ချမှတ်မှုကပင် ထရန့်အနေဖြင့် သမ္မတရွေးကောက်ပွဲပါဝင်မှုကိုတား ဆီးနိုင်လိမ့်မည်မဟုတ်ဟု ဆိုကြသည်။
Ref- CNN, The Guardian