၃၁.၅. ၂၀၂၄
Written by Shwe Phyo
ထိုင်းငါးဖမ်းလှေတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများသည် ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ ရှုရိုက်မိရာမှ ချက်ချင်းသတိလစ်သွားခဲ့ပြီး အရေးပေါ် ဆေးရုံတင်ခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ နခွန်ဆီသမ္မရတ်ပြည်နယ် ဒန်ဖဆီကျေးရွာအနီး ကမ်းကပ်ထားသော ငါးဖမ်းလှေတစ်စီးအပေါ်တွင် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက ဟိုက်ဒရိုဂျင်ဆာလဖိုက်ဒ်ဓာတ်ငွေ့ ရှုရိုက်မိရာမှ လူများသတိမေ့သွားကြောင်း သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲမှူးကြီး အပီချက် ချာဆန်ရက် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါငါးဖမ်းလှေတွင် အလုပ်လုပ်နေသူများအနက်မှ မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံသားများအပါအဝင် လူပေါင်း ၁၁ ဦး သတိလစ်ခဲ့ပြီးသာစလဆေးရုံကို အရေးပေါ်တင်ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ကနဦးစုံစမ်းစစ်ဆေးချက်များအရ ဆေးရုံတင်ခဲ့ရသူ ၁၁ ဦးအနက် ၄ ဦးက စိုးရိမ်ရသောအခြေအနေမျိုးဖြစ်ကြောင်း၊ ၄ ဦးအနက်တစ်ဦးကို သာစလဆေးရုံရှိ ICU အခန်းသို့ ချက်ချင်းပို့ဆောင်ခဲ့ရသလို အခြားသုံးဦးကိုတော့ မဟာရတ်နခွန်ဆီသမ္မရတ်ဆေးရုံသို့ ပြောင်းရွှေ့တင်ပို့ခဲ့ရကြောင်း သိရသည်။ အခြား ၇ ဦးကိုမူ ဆရာဝန်များက ကယ်တင်ပေးနိုင်ခဲ့ပြီး စိုးရိမ်ရသောအခြေအနေမျိုးမဟုတ်တော့ကြောင်း ပြောသည်။
ထိုင်းရဲမှူးကြီး ချာဆန်ရက်သည် အဆိုပါငါးဖမ်းလှေတွင် ဟိုက်ဒရိုက်ဆာလဖိုက်ဒ်ဓာတ်ငွေ့ ရှုရိုက်မိရသောအဓိကအကြောင်းအရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ငါးဖမ်းသမားများသည် လှေပေါ်ရှိ ဖမ်းယူထားသောငါးများကို ခြင်းထဲမှထုတ်ယူကာ ကုန်းပေါ်ကိုတင်ရန် ကြိုးပမ်းချိန်အတွင်း ဓာတ်ငွေ့ရှုရိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
REF, amarintv