၂၇.၅.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ရှိ New Town အိမ်ရာဝင်းအတွင်း ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ်တစ်ဦးဖြစ်သော အန်ဝါရူလ် အဇင်အနာ မေလ ၁၃ ရက်က သတ်ဖြတ်ခံခဲ့ရပြီးနောက် မေလ ၂၈ ရက်တွင်မူ ထိုအိမ်ရာဝင်းအတွင်း တိုက်ခန်းတွဲတစ်ခု၏ မိလ္လာကန်တစ်ခုအတွင်းမှ ခန္ဓာကိုယ်အသားများနှင့် ဆံခြည်မျှင်များဟု ယူဆရသည့် အပိုင်းအစများကို အိန္ဒိယနိုင်ငံ၏ အနောက်ဘင်္ဂလားပြည်နယ် ရာဇဝတ်မှုစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့(စီအိုင်ဒီ) က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က လွှတ်တော်အမတ် ‘အနာ’ နောက်ဆုံးရှိနေခဲ့သော တိုက်ခန်း၏ရေချိုးခန်းအတွင်းမှလည်း ‘အနာ’၏အသား အပိုင်းအစများကိုတွေ့ရှိခဲ့အပြီး ခြောက်ရက်ခန်ံ့အကြာတွင် ဤသို့တွေ့ရှိရခြင်းဖြစ်ရာ ရဲတပ်ဖွဲ့အနေနှင့် ၎င်းတို့က အသတ်ခံရသည့် လွှတ်တော်အမတ်၏အပိုင်းအစများဖြစ်နိုင်သည်ဟု သံသယရှိရသောကြောင့် ၎င်းတို့ကို မှုခင်းဆိုင်ရာဆေးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောခဲ့သည်။
လူသတ်မှုတွင် ရဲတပ်ဖွဲ့က မသင်္ကာ၍ ဖမ်းဆီးထားသူတစ်ဦးက သားသတ်သမားတစ်ဦးဖြစ်ကြောင်းလည်း သိရကာ လွှတ် တော်အမတ်၏ရုပ်အလောင်းကို အပိုင်းအစ ၈၀ အထိဖြစ်အောင်ခုတ်ပိုင်းခဲ့ပြီး ၎င်းတို့ကို New Town အိမ်ရာဝင်းအတွင်း တူးမြောင်းတစ်ခုအတွင်း၌အပါအဝင် ကွဲပြားသောနေရာအမျိုးမျိုး၌ စွန့်ပစ်ခဲ့ခြင်းမပြုမီ နနွင်းနှင့်ရောနှောသုတ်လိမ်းခဲ့ကြောင်းလည်း သိရသည်။
မေလ ၂၈ ရက်တွင် မိလ္လာကန်အတွင်းမှတွေ့ရသော အသားများနှင့်ဆံခြည်မျှင်များက ၃ ဒသမ ၅ ကီလို ဂရမ်အလေးချိန်ရှိကြောင်း၊ ၎င်းအရာတို့ကလွှတ်တော်အမတ်၏ ခန္ဓာကိုယ်အပိုင်းအစများ ဟုတ် မဟုတ် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအာဏာရပါတီ၏ လွှတ်တော်အမတ် အန်ဝါရူလ် အဇင်အနာ ရှိသွားခဲ့သည့် တိုက်ခန်းတွဲအခန်း၏ ရေချိုးခန်းအတွင်းမှ သွေးများစီးဆင်းနေသည်ကိုတွေ့ရှိရသည်မှစ၍ ရဲတပ်ဖွဲ့က လူသတ်မှုဖြစ်ပွားခဲ့ခြင်းဟုယူဆခဲ့ပြီး တိုက်ခန်းတွဲ၏ ရေထွက်ပိုက်များနှင့် မိလ္လာကန်တို့ကိုပါ လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။ ရဲအရာရှိတစ်ဦးက “အညစ်အကြေးစွန့်တဲ့ပိုက်တွေနဲ့ မိလ္လာကန်ကိုပါစစ်ဆေးဖို့အတွက် ကျွန်တော်တို့ကိုကူညီဖို့ အိမ်ရာဝင်းတာဝန်ရှိသူတွေကိုလည်း တောင်းဆိုထားတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အိမ်ရာဝင်းအတွင်းဖြတ်စီးနေသည့် ဘက်ဂျိုလာတူးမြောင်းအတွင်းတွင်လည်း ရဲတပ်ဖွဲ့က မေလ ၂၈ ရက်တွင် ရှာဖွေမှုများ ပြန်လည်စတင်ခဲ့သည်။ ရှာဖွေမှုများက ဆိုင်ကလုံးရီမယ်လ် တိုက်ခတ်ပြီးနောက် မေလ ၂၇ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့၍ ခက်ခဲမှုများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ရေငုပ်သမားများက တူးမြောင်းအတွင်း လူ့ခန္ဓာကိုယ်အပိုင်း အစများနှင့်လူသတ်ရာတွင် အသုံးပြုခဲ့ဖွယ်ရှိသော လက်နက်ကိရိယာများကိုလည်း ရှာဖွေနေကြကြောင်းသိရသည်။
ရဲအရာရှိတစ်ဦးက “လူသတ်မှုဖြစ်တာက နှစ်ပတ်လောက်ရှိသွားပြီ။ ခန္ဓာကိုယ်ကို အပိုင်းအစအသေးလေးတွေအထိဖြစ်အောင် ခုတ်ထစ်ခဲ့တာဆိုတော့ တူးမြောင်းထဲကိုစွန့်ပစ်ရာမှာ ရေနေသတ္တဝါတချို့က လည်းစားကြမှာပေါ့။ ဒီတူးမြောင်းရေကလည်း ညစ်ပတ်တယ်။ နှစ်ပတ်လောက်ရှိပြီဆိုတော့ အပိုင်းအစတွေလည်း ရေစီးနဲ့ မျောပါကုန်လောက်ပြီ” ဟုထပ်မံပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ် အန်ဝါရူလ် အဇင်အနာက ကျန်းမာရေးဆေးကုသခံရန်အတွက် အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့သို့ မေလ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းက ရောက်ရှိလာပြီးနောက်တွင် ပျောက်ဆုံးသွားသောကြောင့် အသိအကျွမ်းတစ်ဦးဖြစ်သူ ကိုလ်ကတ္တားမြို့မြောက်ပိုင်းနေ ဂိုပယ်လ်ဘစ်ဝါက မေလ ၁၈ ရက်တွင် ရဲတပ်ဖွဲ့သို့အမှုဖွင့်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေမှုကိုစတင်ခဲ့သည်။ ‘အနာ’က ရောက်ကာစတွင် ဘစ်ဝါ၏အိမ်၌ နေထိုင်သွားသေးကြောင်းလည်း သိရသည်။ ထို့နောက် ဆရာဝန်နှင့် ပြသရန်ရှိသည်ဆိုကာ မေလ ၁၃ ရက်မွန်းလွဲပိုင်းက ဘစ်ဝါ၏အိမ်မှ ထွက်ခွာသွားခဲ့သည်။ ထို့နောက်တွင် ဘစ်ဝါ၏အိမ်သို့ ပြန်မလာတော့ဘဲ ၎င်းအနေဖြင့် နယူးဒေလီမြို့သို့ သွားရန်ရှိကြောင်း၊ အကူအညီလိုလျှင် ဖုန်းဆက်မည်ဖြစ်ကြောင်း လူမှုကွန်ရက် WhatsApp မှ သတင်းပို့ခဲ့ပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့များက ဘင်္ဂလားဒေ့ရှ်လွှတ်တော်အမတ် အန်ဝါရူလ် အဇင်အနာမှာ ကိုလ်ကတ္တားမြို့ရှိ New Town အိမ်ရာဝင်းအတွင်း အသတ်ခံခဲ့ရကြောင်း မေလ ၂၂ ရက်တွင် အတည်ပြုခဲ့ကြသည်။
Ref- varthabharati