◼️ နှစ်နိုင်ငံစလုံးမှ ပြည်သူတစ်သန်းနီးပါး အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရ
၂၇.၅.၂၀၂၄
Translated by Htwe Ko Tun
မေလ ၂၆ ရက် ညသန်းခေါင်ယံအချိန်ခန့်တွင် တစ်နာရီလျှင် လေတိုက်နှုန်း ကီလိုမီတာ ၁၂၀ အထိရှိသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရီမယ်လ်မုန်တိုင်း (Cyclone Remal) က အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှ ကုန်းတွင်းသို့ဝင်ရောက်ခဲ့ရာတွင် မုန်တိုင်းကြောင့် နှစ်နိုင်ငံစလုံး လူသေဆုံးမှုများရှိခဲ့ပြီး ဒေသခံပြည်သူ သန်းနှင့်ချီ၍ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြကြောင်း သိရသည်။
ဆိုင်ကလုံးရီမယ်လ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ နှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်းတို့အကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံ မွန်ဂလမြို့အနီးမှ ကုန်းတွင်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ဆိုင်ကလုံးမုန်တိုင်းကြောင့် အနောက်ဘင်္ဂလားပြည်နယ်အတွင်း ကမ်းခြေဒေသများတွင် သစ်ပင်များ အိမ်ပေါ်သို့ ပြိုလဲကျကာ လူနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ရသည်။
အလားတူပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းဒဏ်ကြောင့် လူဆယ်ဦးအထိသေဆုံးကာ ပြည်သူသုံးသန်းခန့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မုန်တိုင်းကြောင့် အိမ်ခြေ ၅၀,၀၀၀ ခန့်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။
အိန္ဒိယနိုင်ငံအတွင်းတွင် ဒေသခံပြည်သူ ၁၅၀,၀၀၀ ကျော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၈၀၀,၀၀၀ ခန့်တို့မှာ မုန်တိုင်းကြောင့် ၎င်းတို့နေအိမ်များကိုစွန့်ခွာကာ ထွက်ပြေးခဲ့ရကြောင်းလည်းသတင်းများက ဆိုသည်။
Ref-The Hindu