၂၅.၅. ၂၀၂၄
Written by Shwe Phyo
ထိုင်းရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့ဈေးအနီးရှိ လူအုပ်စုကို ဓားဖြင့်ဝင်ခုတ်ခဲ့သော မြန်မာနိုင်ငံသားလူငယ်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ရဲမင်းထက်သည် မေလ ၂၃ ရက်နေ့ညနေပိုင်းက ဘန်ကောက်မြို့ ဘန်ဘွန်ဈေးအနီးတွင် ဆာမူရိုင်းဓားဖြင့် အခြားသူများကို ဝင်ခုတ်ခဲ့၍ ဖမ်းဆီးလိုက်ကြောင်း Bang Khun Thian ခရိုင်မှ ထိုင်းရဲချုပ် ပရာဆန်အေနိုမာနီက ထုတ်ဖော်ပြောဆိုလိုက်သည်။
အရှည် ၅၀ စင်တီမီတာရှိဓားဖြင့် ဝင်ခုတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးဒဏ်ရာရပြီး စိုးရိမ်ရသောအခြေ အနေမျိုးတွင်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ဓားဖြင့်အခုတ်ခံရသော အသက် ၁၇ နှစ်အရွယ်ရှိလူငယ်၏ သူငယ်ချင်းများက မီးပွိုင့်တွင် အပြန်အလှန်စကားများရာမှ အငြင်းပွားမှုအရှိန်မြင့်တက်ခဲ့ပြီး ဓားဖြင့်ဝင်ခုတ်သည့်အထိ ဖြစ်လာခဲ့ကြောင်းပြောသည်။
ရဲလင်းထက်သည် ဓားခုတ်မှုကျူးလွန်ခဲ့ပြီးနောက် ဓားကို လွှင့်ပစ်ကာ ထွက်ပြေးခဲ့သော်လည်း Suk Sawat ဈေးတွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ရဲလင်းထက်က” ကျွန်တော်ဟာ ဆဲဆိုကဲ့ရဲ့တာကိုမခံနိုင်ဘဲ ဒေါသဖြစ်တဲ့အတွက် ဆာမူရိုင်းဓားကို အသုံးပြု ဝင်ခုတ်ခဲ့တာဖြစ်တယ် “ဟု ဝန်ခံထားသည်။
ရဲလင်းထက်သည် အခြားသူတစ်ဦးကို အပြင်းအထန်ဒဏ်ရာရစေမှုအပြင် အခြားစွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဓားခုတ်မှုကျူးလွန်ခဲ့သော ရဲလင်းထက်သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်နေသူဖြစ်ရာ ထပ်မံစွဲချက်တင်ခံရမည်ဖြစ်ကြောင်း သိရသည်။
REF, thaiger