၂၄.၅.၂၀၂၄.
Translated by Htwe Ko Tun
ပါပူးဝါ နယူးဂီနီနိုင်ငံမြောက်ပိုင်း အန်ဂါပြည်နယ်အတွင်းတွင် ရှိသော ကျေးရွာတစ်ရွာမှာ မေလ ၂၄ ရက်နံနက်က မြေပြိုမှုတစ်ရပ်ကြောင့် မြေထု ဖုံးလွှမ်းခြင်းခံရကာ စုစုပေါင်း လူ ၃၀၀ အထိ အသက်ဆုံးရှုံးကြရဖွယ်ရှိကြောင်း သတင်းများအရသိရသည်။
မူလီတာကာမြို့ အနီးတစ်ဝိုက်ရှိ အဆိုပါ ကာအိုကာလမ်ကျေးရွာမှာ နံနက် ၃ နာရီတွင် မြေပြိုမှုအောက်သို့နစ်မြုပ်ကာ လူ ၃၀၀ အထိ သေဆုံးကြရဖွယ်ရှိကြောင်းလည်း ရွာသားတစ်ဦးက ပြောခဲ့သည်။ ဒေသခံမီဒီယာများကမူ မြေပြိုမှုကြောင့်သေဆုံးသူ ၁၀၀ ကျော်အထိရှိမည်ဟုဖော်ပြခဲ့ကြသည်။
အန်ဂါ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆန်ဒီးစ် တစကာက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို ထိုဒေသသို့ စေလွှတ်ခဲ့ကြောင်း၊ ၎င်းတို့တွင် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး လုပ်သားများလည်းပါဝင်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ထိုကဲ့သို့သော မြေပြိုမှု သဘာဝဘေးဒဏ်ကို တစ်ကြိမ်မှ မကြုံဘူးခဲ့ကြကြောင်းနှင့် အိုးအိမ်များနှင့်သေဆုံးသူအများအပြားရှိခဲ့ကာ ပျောက်ဆုံးနေသူများလည်းရှိကြောင်း ပြောခဲ့သည်။ လူမှုကွန်ရက်တွင်တက်လာသောဓာတ်ပုံများ၌ ဒေသခံများက ကျောက်တုံးကြီးများကို ကုပ်ကပ်တွယ်တက်နေသည်ကိုလည်းကောင်း၊သစ်ပင်များပေါ်၌လည်းကောင်းတွေ့ကြရပြီး မြေပြိုမှုကြောင့် အမှိုက်သရိုက်များ ပြန့်ကျဲနေသည်ကိုလည်းတွေ့ကြရသည်။
ဒေသအတွင်းစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်နေသော အယ်လိဇဘက် လာရုမာကလည်း “မေလ ၂၄ ရက်ရဲ့ နံနက်အစောပိုင်းနာရီတွေမှာဆိုတော့ ဒေသတွင်းနေသူတွေက အိပ်နေကြတုံးရှိသေးတယ်။ မြေပြိုမှုက တစ်ရွာလုံးကိုဖုံးလွှမ်းပစ်လိုက်တာပဲ။ လူတစ်ရာကျော်လောက်က အဲဒီမြေကြီးတွေအောက်မြုပ်သွားကြမှာပေါ့” ဟု ပြောခဲ့သည်။
Ref- Reuters , The Guardian