၂၄.၅. ၂၀၂၄
Written by Shwe Phyo
မလေးရှားရဲတပ်ဖွဲ့သည် အစ္စလာမ်ဘာသာကို ဝေဖန်တိုက်ခိုက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ပီနန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဒါတွတ်ဟမ်ဇာ အာမက်ဒ်က Fast-food စားသောက်ဆိုင်တစ်ဆိုင်တွင်ညစ်ညမ်းသော စကားလုံးများ ပြောဆိုသုံးစွဲခဲ့သူများကို စုံစမ်းစစ်ဆေးနိုင်ရန် မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားပြီး ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသား ၄ ဦးက အသက် ၁၉ နှစ်နှင့် ၆၇ နှစ်အရွယ်ကြားရှိကြောင်း အတည်ပြုပြောဆိုထားသည်။
ရဲမှူးကြီး အာမက်ဒ်က မေလ ၁၆ ရက်နေ့တွင် Jalan Sungai Ara အရပ်ဒေသရှိ ဒူရင်းသီးခြံတွင် မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အားလုံးက ခရီးသွားဗီဇာကိုင်ဆောင်ထားသူများဖြစ်ကြောင်း ပြောသည်။
ပီနန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက ” ဖမ်းဆီးထားသူလေးဦးအနက် သုံးဦးကို ဇွန်လ ၃ ရက်နေ့ ဖမ်းဆီးစစ်ဆေးဖို့ ရမန်ယူထားတယ်။ အသက် ၆၇ နှစ်အရွယ်ရှိအမျိုးသားကိုတော့ မေလ ၂၀ ရက်နေ့အထိ ဖမ်းဆီးဖို့ ရမန်ယူခဲ့ပြီး ရဲအာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်” ဟုပြောသည်။
ပီနန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၈ အရ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရန် ရမန်ရယူခဲ့ကြောင်းပြောသည်။
ထိုဖြစ်စဥ်မှာ ပြီးခဲ့သော မေလ ၁၄ ရက် ညနေ ၅ နာရီကျော်တွင် Fast-food စားသောက်ဆိုင်တစ်ဆိုင်၌ အော်ဒါမှာယူမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုရာတွင် အဆိုပါ မြန်မာနိုင်ငံသား လေးဦးက ဘာသာရေး၊ အသားအရောင်၊ သစ္စာရှိသူများနှင့်ပတ်သက်သည့်ညစ်ညမ်းသော ပြောဆိုသုံးစွဲမှုများလုပ်ဆောင်ခဲ့သည်ဟုတိုင်ကြားခံရသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
REF dailyexpress