၂၄.၅.၂၀၂၄.
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်အလယ်ပိုင်းရှိ လူနေတိုက်ခန်းတွဲတစ်ခုတွင် မေလ ၂၄ ရက် နံနက်အစောပိုင်းနာရီများက ပြင်းထန်သော မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထိသေဆုံးခဲ့ရပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
မီးလောင်ကျွမ်းမှုက တက္ကသိုလ်အချို့တည်ရှိရာ ဟနွိုင်းမြို့၏ လူဦးရေထူထပ်သည့် Cau Giay ခရိုင်တွင်ရှိသော အဆိုပါ တိုက်ခန်းတွဲ၌ မေလ ၂၄ ရက်သို့ အကူးသန်းခေါင်ကျော် နံနက် ၁၂ နာရီခွဲတွင် စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် တိုက်ခန်းတွဲအတွင်းမှ မီးခိုးလုံးများနှင့် အခြား အဆိပ်ဖြစ်စေနိုင်သည့်ဓာတ်ငွေ့များ တလိပ်လိပ်ထွက်လာသည်ကို တွေ့ကြရသည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်များက တိုက်ခန်းတွဲ၏ အပြင်ဘက်ဂိတ်ဝကို ဖြိုဖျက်ပြီးနောက် ပြတင်းပေါက်တစ်ခုကို ရိုက်ခွဲကာ အဆောက်အအုံအတွင်းရှိ လူခုနှစ်ဦးကို ကယ်ဆယ်ခဲ့ကြရသည်။ အိမ်နီးချင်းများက မီးလောင်နေစဉ်အတွင်း ဗျောက်အိုးပေါက်ကွဲသံကဲ့သို့ အသံများ၊ အဆောက်အအုံအတွင်းပိုင်းမှ စူးစူးဝါးဝါးအော်ဟစ်သံများကိုကြားရကြောင်းလည်း ပြောခဲ့ကြသည်။
ရဲတပ်ဖွဲ့ကထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် မီးလောင်ကျွမ်းမှုကပြင်းထန်ကာ ဝင်းခြံအတွင်းရှိ ဆိုင်ကယ်၊ လျှပ်စစ်ကားနှင့်ညစက်ဘီးများစွာလည်း မီးလောင်ခံခဲ့ရကြောင်း၊ မီးကို နံနက် ၁ နာရီ ၂၆ မိနစ်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး လူ၁၄ ဦးမီးလောင်သေဆုံးခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ အသက်ရှင် ကျန်ရစ်သူသုံးဦးမှာလည်း ဒဏ်ရာများရရှိခဲ့သောကြောင့် အရေးပေါ်ကုသမှုများပြုလုပ်ရန် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။
သို့သော် မီးစတင်လောင်ကျွမ်းစဉ်က အဆောက်အအုံအတွင်းလူမည်မျှရှိနေသည်ကို ရှင်းလင်းစွာမသိရသေးပေ။ တိုက်ခန်းတွဲက နှစ်ထပ်တိုက်အဆောက်အအုံတစ်လုံးနှင့် သုံးထပ်တိုက်အဆောက်အအုံတစ်လုံးတို့ဖြင့် ဖွဲ့စည်းထားကာ အတွင်းပိုင်းမှဆက်သွယ်ထားပြီး နှစ်မီတာ အကျယ်လမ်းလေးဖြင့်.ခြားထားသည်။ တိုက်ခန်းတွဲ၏ဝင်းခြံကိုလည်းလျှပ်စစ်စက်ဘီးများရောင်းချရန်နှင့် တပ်ဆင်ရန်နေရာအဖြစ်အသုံးပြုကြောင်း သိရသည်။
Ref- CNA