၂၄.၅.၂၀၂၄
Translated by Htwe Ko Tun
စပိန်နိုင်ငံပိုင် မာရော့ကာကျွန်း(Majorca island) တွင် နှစ်ထပ်အဆောက်အအုံတစ်လုံး မေလ ၂၃ ရက်၊ ဒေသစံတော်ချိန် ၈ နာရီခွဲ(ဂရင်းနစ်စံတော်ချိန် ၁၉း၃၀ နာရီ) တွင် ပြိုကျခဲ့ရာ လူလေးဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများက ပြောကြားခဲ့သည်။
ပြိုကျအဆောက်အအုံက မာရော့ကာကျွန်း၏ မြို့တော် ပါလ်မာဒီမာရော့ကာ၏ ကာတာဂိုလမ်းပေါ်ရှိ ပင်လယ်ကမ်းခြေ စားသောက်ဆိုင်တစ်ခုဖွင့်လှစ်ထားသောနေရာဖြစ်ပြီး အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေသူများလည်း ရှိနေနိုင်သေးကြောင်းသိရသည်။ ဒဏ်ရာရရှိသူများတွင် ခုနှစ်ဦးခန့် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ကာ ကျန်ကိုးဦးမှာ စိုးရိမ်ဖွယ်ရာ ဒဏ်ရာအထူးပြင်းထန်ကြောင်း သိရသည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဖြစ်ပွားရာနေရာသို့ ချက်ချင်းပင်ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေကြောင်း မီဒီယာများသို့ ပြောခဲ့သည်။တာဝန်ရှိသူများကလည်း အဆောက်အအုံပြိုကျမှုကြောင့် အထိတ် တလန့်ဖြစ်နေရသူများကို ကူညီမှုပြုရန် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများကိုလည်း အချင်းဖြစ်ပွားရာသို့စေလွှတ်မည်ဟု ပြောခဲ့ကြသည်။
အဆောက်အအုံ၏ မြေညီကြမ်းခင်းထပ်က စတင်ပြိုကျခဲ့သည်တွင် ၎င်းအောက် မြေအောက်ထပ်၌ ရှိနေသော စားသုံးသူများနှင့် ဆိုင်ဝန်ထမ်းများအပေါ်သို့ပါ အပျက်အစီးများ စုပုံကျခဲ့ရခြင်းဟုလည်း သိရသည်။ သို့သော် ထိုကဲ့သို့ပြိုကျရခြင်း၏ အကြောင်းရင်းကိုမှု သေချာစွာမသိရသေးပေ။
မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက အဖြစ်အပျက်မှာ ထမင်းလုံးတစ္ဆေခြောက်သည့်သဖွယ်ပင်ဖြစ်ကြောင်းနှင့် ၎င်းတို့အချင်းဖြစ်ပွားရာသို့ရောက်ရှိချိန်တွင် ပြိုကျနေသောနေရာများမှ ငိုယိုသံနှင့် စူးစူးဝါးဝါးအော်ဟစ်သံများကိုလည်းကြားခဲ့ရကြောင်း၊ ပြိုကျအဆောက်အအုံအပျက်အစီးများအောက်မှ အသက်ရှင် ကျန်ရစ်သူများ၏အသံများကိုလည်း ကြားနေရကြောင်း ပြောခဲ့သည်။ အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်သေဆုံးသူ အများစုမှာ နိုင်ငံခြားသားများနှင့် ကမ္ဘာလှည့်ခရီးသွားများဖြစ်ကြကြောင်းလည်း သိရသည်။
မာရော့ကာကျွန်းက မြေထဲပင်လယ်အနောက်ဘက်ရှိ စပိန်ပိုင် ဘီလယ်ရစ် ကျွန်းစုများအနက် အကြီးဆုံးကျွန်းလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၁၇ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြသည်။
Ref- bbc