၂၃.၅. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံတွင်နေထိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးသည် မေလ ၂၂ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ထိုင်းနိုင်ငံ Mueang Udon Thani ပြည်နယ် Mak Khaeng အရပ်ဒေသရှိ Ban Chang ကျေးရွာအနီး အလုပ်သမားအိမ်ရာတွင် အလုပ်သမားတစ်ဦး ဆွဲကြိုးချသတ်သေသွားသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲမှူးကြီးရက်ချာနီချာ ချုချုချိုင်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
သွားရောက်စစ်ဆေးချိန် တစ်ထပ်တိုက်အတွင်းရှိ အခန်းထဲအသက် ၂၀ အရွယ်ရှိ မြန်မာအမျိုးသမီး မသဲဆုဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း၊ အဆိုပါမြန်မာအမျိုးသမီးသည် ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း Muang Udon Thani ရဲစခန်းက ပြောသည်။
အဆိုပါမြန်မာအမျိုးသမီး၏ရုပ်အလောင်းကို ယောက္ခမဖြစ်သူက စတင်တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသော မသဲဆုဦးသည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်မှုများရှိခဲ့ပြီး အလုပ်ထွက်လုပ်ရန် လိုလားခဲ့ကြောင်း၊ သို့သော်လည်း ခင်ပွန်းဖြစ်သူက မသဲဆုဦးကို ကလေးထိန်းပြီးအိမ်တွင်သာနေထိုင်ရန် ပြောဆိုရာမှ စကားများရန်ဖြစ်မှုများရှိခဲ့ဖူးကြောင်း ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။
ကိုထွန်းထွန်းက ပြီးခဲ့သောရက်ပိုင်းကလည်း သမီးဖြစ်သူကိုအိမ်အပြင်ထွက်မဆော့ခိုင်းရာမှ လင်မယားနှစ်ဦး ရန်ဖြစ်စကားများခဲ့ပြီး ၂ ရက်ကြာ စကားမပြောဘဲ နေထိုင်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၅ လအရွယ် ကလေးငယ်တစ်ဦးရှိနေကြောင်း ပြောသည်။
ကိုထွန်းထွန်းနှင့် ဇနီးဖြစ်သူ မသဲဆုဦးတို့ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်နေသည်မှာ ၄ နှစ်ကျော်ရှိနေပြီး သားသမီးများကို ပိုမိုဂရုစိုက်နိုင်ရန်အတွက် ဇနီးဖြစ်သူကို အပြင်ထွက် အလုပ်မလုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုထွန်းထွန်းက ထွက်ဆိုထားသည်။ မသဲဆုဦးသည် ခင်ပွန်းဖြစ်သူနှင့်စကားများရန်ဖြစ်ကာ ချုပ်ချယ်သည်ဟု ထင်မှတ်ပြီး ဆွဲကြိုးချသတ်သေခဲ့ခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။
REF ,Thailand Talk News Online