၂၁.၅. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆုဝန်သဝေါင်လမ်းရှိ အခန်းတစ်ခန်းတွင် ယနေ့ မေလ ၂၁ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားအလုပ်သမားတစ်ဦး အခန်းထဲ အသတ်ခံရကာ သေဆုံးခဲ့မှု တွေ့ရှိခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၊ လမ်ဖက်ချိုင်ရဲစခန်းမှ တာဝန်ရှိသူများသည် လူသတ်မှုဖြစ်ပွားသည် ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆုဝန်သဝေါင်လမ်းရှိ တိုက်ခန်းများတွင် ဆောက်လုပ်ရေးအလုပ်သမားများ ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခန်းများတွင် နေထိုင်သူအများစုက မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်များတွင် ဖော်ပြထားသည်။ အဆိုပါလူသတ်မှုသည် ငှားရမ်းနေထိုင်သည့် အလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်းမျိုးဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားအလုပ်သမား သေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်း၏ မိတ်ဆွေသူငယ်ချင်းလေးဦးကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏ လည်ပင်းတွင် ဒဏ်ရာများရရှိထားပြီး ရင်ဘက်တွင်လည်း ဒဏ်များတွ့ရကာ အခန်းအတွင်းရှိ ကြမ်းပြင်၌လည်း သွေးများ ပေကျံနေကြောင်း ပြောဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် သေဆုံးခဲ့သော မြန်မာနိုင်ငံသားကို အသေးစိတ် ဆေးစစ်မှုများလုပ်ဆောင်နေသလို သံသယရှိသူများကို ထပ်မံခေါ်ယူစစ်ဆေးရန်လည်း စီစဉ်နေကြောင်း သိရသည်။
REF, amarintv