၂၁.၅.၂၀၂၄
Translated by Htwe Ko Tun
အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရုရှားနိုင်ငံ တင်သွင်းတဲ့ အာကာသတွင် မည်သည့်လက်နက်မျိုးကိုမှ ချထားခြင်းမပြုရေး အဆိုပြုချက်ကို မေလ ၂၀ ရက်က မဲခွဲဆုံးဖြတ်ကြရာမှာ အမေရိကန်နဲ့သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ကန့်ကွက်ခဲ့ကြတာကြောင့်လုံခြုံရေးကောင်စီမှာပယ်ချခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
အရင်ရက်သတ္တပတ်အတွင်းက ရုရှားနိုင်ငံက ဂြိုဟ်တုတစ်လုံးလွှတ်တင်ခဲ့ရာမှာ အမေရိကန်က ရုရှားအနေနဲ့အာကာသမှာ လက်နက်ချထားရေးအစီအစဉ်ဆောင်ရွက်နေမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီမှာ ရုရှားကတင်သွင်းတဲ့ အာကာသတွင် မည်သည့် လက်နက်မျိုးကိုမှ ချထားခြင်းမပြုရေး အဆိုပြုချက်ကိုကြတော့ ရုရှားအနေနဲ့ အာကာသမှာလက်နက်ချထားရေး သူ့အစီအစဉ်ကို ကမ္ဘာကြီးက အာရုံထွေပြားစေအောင် ဆောင်ရွက်မှုသက်သက်ပဲလို့ ပြောကြား ကာ ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံသံအမတ် ဗတ်ဆီလီ နီဘန်ဇီယားကတော့ ရုရှားအနေနဲ့ ကမ္ဘာကြီးကို လှည့်စားမှုတွေပြုဖို့ဆောင်ရွက်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လုံးဝမမှန်ကန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် နီဘန်ဇီယားက ဒီအဆိုပြုချက်ကို လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ရာ ဒီနိုင်ငံတွေက ကန့်ကွယ်တယ်ဆိုတာဟာ အာကာသနယ်ပယ်မှာ စစ်ခင်းဖို့အတွက် သူတို့ရဲ့ဦးစားပေးရည်ရွယ် ချက်တွေ ပိုမြန်စေဖို့ဆိုတာ ပြသနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ ကတော့ အမေရိကန်ရဲ့ မှားယွင်းမှုကြောင့် ကမ္ဘာကြီးအနေနဲ့ အာကာသထဲမှာ လက်နက်ပြိုင်ပွဲဖြစ်မလာစေရေး တားဆီးဖို့အခွင့်အရေးကို လက်လွှတ်ရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။
လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချနိုင်ရေး အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ကိုးနိုင်ငံရဲ့ထောက်ခံမှုရရှိရမှာပါ။ မဲခွဲဆုံးဖြတ်ရာမှာ ရုရှား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် ခုနှစ်နိုင်ငံကထောက်ခံခဲ့ကြပြီး အမေရိကန်နဲ့ ဂျပန်အပါအဝင် ခုနှစ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ဆွစ်ဇာလန်ကတော့ကြားနေခဲ့ပြီး ဆုံးဖြတ်ချက်ချရန်လိုအပ်တဲ့မဲ မရရှိဘဲဖြစ်ခဲ့ပါတယ်။
Ref- AP, Tass