၂၁.၅. ၂၀၂၄
Written by Shwe Phyo
အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ရင်းသည် မီဇိုရမ်ပြည်နယ်တွင် ချင်းလက်နက်ကိုင်အဖွဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
အာသံရိုင်ဖယ်တပ်ရင်းသည် ချင်းလက်နက်ကိုင်အဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖြတ်သန်းဝင်ရောက်မည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် Tuipang လမ်းမပေါ်တွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ချိန် ချင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော Chinland Defence Force (CDF) အဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါချင်းလက်နက်ကိုင်အဖွဲ့ (CDF) အဖွဲ့ဝင်တစ်ဦးသည် Kenbo အမျိုးအစားဆိုင်ကယ်ကို စီးနင်းလာခဲ့ပြီး ရပ်တန့်စစ်ဆေးချိန်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းကို ရပ်တန့်စစ်ဆေးချိန်အတွင်း ကျည်ဆံ ၁၇၀၊ Baofeng radio sets ၁၄ ခု၊ Radio set chargers ၁၄ ခုနှင့် ဆိုင်ကယ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
ကနဦးစုံစမ်းစစ်ဆေးချက်များအရ အဆိုပါဖမ်းဆီးရမိသူသည် ချင်းလက်နက်ကိုင်အဖွဲ့ (CDF) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသကိုဖြတ်သန်းကာ လက်နက်ခဲယမ်းမီးကျောက်များ သယ်ယူပို့ဆောင်သောအလုပ်ကို လုပ်ကိုင်နေသူဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်ရင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ လက်ရှိတွင် အာသံရိုင်ဖယ်တပ်ရင်းသည် ဖမ်းဆီးရမိသော CDF အဖွဲ့ဝင်ကို Tuipang ရဲစခန်းသို့လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။
REF Northeastnow