၂၁.၅. ၂၀၂၄
Written by Thettant
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ထိုင်းစီးပွားရေးလုပ်ငန်းရှင်နေအိမ်မှာ အိမ်အကူအဖြစ် ရိုးသားကြိုးစားစွာ ဆယ်နှစ်ကြာအိမ်အလုပ်တွေ လုပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသူအမျိုးသမီး’ဖွန်’တို့ ဇနီးမောင်နှံကို အလုပ်ရှင်သူဌေးက ဘတ် ၁ သန်းတန်အိမ်တစ်လုံး ဆောက်လုပ်ပေးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းအလုပ်ရှင်သူဌေးဖြစ်တဲ့ တီရာဖွန်း သီရာပတ္တနာဖွန်က မြန်မာအိမ်အကူအမျိုးသမီးဖွန်ရဲ့ ရိုးသားကြိုးစားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဘတ် ၁ သန်းကျော် (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ကျော်)တန်ကြေးရှိတဲ့ အိမ်တစ်လုံးဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး အလုပ်ရှင်ဟာ ၁၀ နှစ်တာလုံးလုံး CCTV ကနေ အကဲဖြတ်ပြီး ဖွန့်ကိုဂုဏ်ပြုပေးခဲ့တာပါ။
“ဖွန်ရဲ့နေအိမ်ဟာ ကျွန်တော့်အိမ်နဲ့ ကီလိုမီတာ ၂၀ လောက်ဝေးပေမဲ့ ဖွန်ဟာ ၁၀ နှစ်အတွင်းမှာ တစ်ရက်တောင် နောက်မကျခဲ့ပါဘူး။ မနှစ်ကတော့ အိမ်သေးသေးလေး ဆောက်တယ်။ အိမ်တစ်အိမ်က ဖွန့်ကို သူ့ခင်ပွန်းနဲ့အတူနေဖို့ ကျွန်တော် ဖွန့်ကို မြေနေရာရွေးချယ်ခွင့်နဲ့ သူမရဲ့ လုံ့လစိုက်ထုတ်မှုအတွက် ဆုတစ်ခုအနေနဲ့ သူ့ဘာသာသူ ဒီဇိုင်းထုတ်ခိုင်းပါတယ်။ မင်း လုပ်ခဲ့တဲ့ ၁၀ နှစ်တာလုံး ငါ့အပေါ် ရိုးသားခဲ့ပါတယ်”လို့ အလုပ်ရှင်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်ရဲ့ မြန်မာအိမ်အကူအပေါ်ဂုဏ်ပြုမှုဟာ ထိုင်းလူမှုကွန်ရက်မှာလည်း ရေပန်းစားနေပြီး “ကောင်းတာလုပ်တဲ့သူတွေအတွက် ဆုလာဘ်ဆိုတာရှိတယ်။ သစ္စာရှိတဲ့သူနဲ့ ထိုက်တန်ပါတယ်။ ပေးကမ်းသူနဲ့ လက်ခံရရှိသူတွေကို ကောင်းချီးပေးပါစေ”၊ “ဂုဏ်ယူပါတယ် မြန်မာလူမျိုးဖွန်၊ လုံလဝိရိယနဲ့ ရိုးသားမှုအတွက် ဆုလာဘ်၊ ဖွန့်လိုလူမျိုးရှာရတာ ငါတို့အတွက် အရမ်းခက်ခဲပါတယ်။ ဆုံတဲ့အခါကြရင်လည်း ဆွေမျိုးလိုချစ်ကြမှာပါ။ သူ့ကိုကောင်းကောင်းထားပါ။ ကြင်နာတတ်တဲ့အလုပ်ရှင်နဲ့ဆုံရတာ ဖွန့်အတွက် ကံကောင်းပါတယ်” စသလို ထိုင်းနိုင်ငံသားထောင်ချီက ဂုဏ်ပြုပေးနေတာလည်းတွေ့ရပါတယ်။