၂၀.၅.၂၀၂၄
Translated by Htwe Ko Tun
အီရန်နိုင်ငံသမ္မတ အီဘရာဟမ် ရိုင်စီ လိုက်ပါလာသော ရဟတ်ယာဉ်က မေလ ၁၉ ရက် မွန်းလွဲပိုင်းတွင် အီရန်နိုင်ငံအနောက်မြောက်ပိုင်း၌ပျက်ကျခဲ့ပြီးနောက် သေဆုံးခဲ့ရသော သမ္မတနေရာအတွက် သမ္မတအသစ်ရွေးကောက်ပွဲကို ရက် ၅၀ အတွင်း ကျင်းပသွားရန် အီရန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဌာန်းထားကြောင်း သိရသည်။
အီရန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ် ၁၃၁ ၌ သမ္မတတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် မသန်မစွမ်းဖြစ်လျှင် (သို့မဟုတ်) သေဆုံးလျှင် ဒုတိယသမ္မတ ၁၂ ဦးအနက် အမှတ်စဥ် (၁) နေရာရှိ ပထမဆုံးဒုတိယသမ္မတက ယာယီသမ္မတအဖြစ် အီရန်နိုင်ငံတွင် ကိစ္စရပ်အားလုံး၌နောက်ဆုံး အတည်ပြုချက်ရယူရန်လိုသည့် နိုင်ငံဦးသျှောင်ထံ အတည်ပြုချက်ရယူ၍ ဆက်လက်ထမ်းဆောင်ရမည်ဖြစ်သည်။
ထို့နောက်တွင်မူ ပထမဆုံးဒုတိယသမ္မတ၊ ပါလီမန်ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်တို့ပါဝင်သည့်ကောင်စီက သမ္မတအသစ်အတွက် ရွေးကောက်ပွဲတစ်ရပ်ကို အများဆုံးရက် ၅၀ အတွင်း ကျင်းပသွားမည်ဖြစ်သည်။
သမ္မတ အီဘရာဟမ် ရိုင်စီမှာ ၂၀၂၁ ခုနှစ်တွင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရ၍ ပုံမှန်ဆိုပါက နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲက ၂၀၂၅ ခုနှစ်တွင်ကျင်းပမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများအရ သမ္မတအသစ်ရွေးကောက်တင်မြှောက်ပွဲကို လာမည့် ဇူလိုင်လဆန်းတွင်ကျင်းပမည်ဟုမျှော်လင့်ရသည်။
လောလောဆယ်တွင် ပထမဆုံးဒုတိယသမ္မတဖြစ်သူ မိုဟာမက်မော့က်ဘာက အီရန်နိုင်ငံယာယီသမ္မတအဖြစ် တာဝန်ယူထားမည်ဖြစ်သည်။
Ref- Dhaka Tribune